ပေါက်တောက ငါးဖမ်းသမား ၇ ဦးကို စစ်ကောင်စီဖမ်းဆီးသွား
- BVJ

- Sep 19
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၁၉၊ ၂၀၂၅

စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့အနီးပင်လယ်ပြင်မှာငါးထွက်ဖမ်းတဲ့ ရခိုင်ဒေသခံ ငါးဖမ်းသမားတွေကို စစ်ကောင်စီရေတပ်က မကြာခဏဖမ်းဆီးတာတွေရှိနေပြီး အခု စက်တင်ဘာလ ၁၆ရက်နေ့ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ပေါက်တောမြို့နယ် ချောင်းဝရွာနဲ့ကုန်တန်းကျေးရွာက ဒေသခံငါးဖမ်းသမား ၇ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားတယ်လို့ ရခိုင်အခြေစိုက် APM သတင်းဌာနမှာ ဖော်ပြပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့အနီးပင်လယ်ပြင်မှာ ငါးထွက်ဖမ်းနေတဲ့အချိန် စစ်ကောင်စီနေဗီက လာရောက်ပြီးတော့ ငါးဖမ်းဘုတ် သုံးစီးနဲ့ ငါးဖမ်းသမား ၇ ယောက်ကိုဖမ်းဆီးသွားတာပါ။ လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်ကလည်း ပေါက်တောမြို့နယ် တန်းတင်ကျေးရွာနဲ့ငရုပ်ချောင်းရွာက ဒေသခံ ငါးဖမ်းသမား ၆ ယောက်ကို စစ်ကောင်စီရေတပ်ကဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဧပြီလ ၅ရက်နေ့ကလည်း ပေါက်တောမြို့နယ် မြေငူကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ ပေါက်တောဒေသခံ ငါးဖမ်းသမား ၂၃ ယောက်ကိုလည်း စစ်ကောင်စီရေတပ်ကဖမ်းဆီးခဲ့တာရှိတယ် လို့လည်း APMသတင်းဌာနမှာဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တွေမြို့မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီလက်နက်ကြီးတပ်နဲ့ ရေတပ်သင်္ဘောတွေကနေ စစ်တွေမြို့အနီးမှာရှိတဲ့ ပေါက်တောနဲ့ပုဏ္ဏားကျွန်းမြို့နယ်တွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေလည်းရှိနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ရက်ကလည်း စစ်တွေမြို့အနီးပင်လယ်ပြင်မှာရပ်ထားတဲ့ စစ်ကောင်စီ နေဗီက လက်နက်ကြီးနဲ့လှမ်းပစ်တာကြောင့် ပေါက်တောဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။







Comments