ပေါက်မှာ ပကဖရဲဘော် ၂ ဦးအပါအဝင် ၁၁ ဦးသတ်ခံရ
- BVJ

- Jul 6
- 1 min read
ယူဂရင်း/BVJ_ဇူလိုင် ၆၊ ၂၀၂၆

မကွေးတိုင်း၊ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကုက္ကိုစုပျူစောထီးရွာမှာ ဒေသတွင်းကင်းစောင့်နေတဲ့ ပကဖရဲဘော် ၂ ဦးနဲ့ပြည်သူတွေအပါအဝင် ၁၁ ဦးကိုစစ်တပ်ကနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ မကွေးတိုင်းပကဖက မနေ့က ဇူလိုင် ၅ရက်မှာထုတ်ပြန်ကြေညာပါတယ်။
စစ်အုပ်စုဟာ ကုက္ကိုစုကျေးရွာပတ်ဝန်းကျင်ရွာတွေက ပြည်သူ (၁၃) ဦး၊ ပကဖ ရဲဘော် (၂) ဦးနဲ့ အတည်မပြုနိုင်သေးတဲ့ ရဲဘော် (သို့) ပြည်သူ (၂) ဦးအပါအဝင် စုစုပေါင်း (၁၇) ဦးကိုဖမ်းဆီးသွားပြီး အဲ့ဒီထဲက(၉)ဦးကိုနှိပ်စက်သတ်ဖြတ်ခဲ့ကြောင်းနဲ့ (၆)ဦးကိုတော့ သူတို့ပြည်သူ့စစ်ထဲကအာမခံပေးတဲ့သူရှိလို ရိုက်နှက်နှိပ်စက်ပြီးပြန်လည်လွှတ်ပေးကာ (၂) ဦးကိုတော့ခိုင်းစေဖို့ခေါ်ထားကြောင်း စစ်ဆေးချက်တွေအရ သိရှိရတယ်လို့ ပေါက်ပကဖက ပြောထားပါတယ်။
သတ်ဖြတ်ခံရသူတွေထဲမှာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရသူ (၂)ဦးပါသလို စစ်အုပ်စုကုက္ကိုစု (ပြည်သူ့စစ်)ကျေးရွာကနေစစ်ကြောင်းထိုးချိန်မှာ လက်လုပ်သေနတ်တွေနဲ့ ဒေသလုံခြုံရေးကာကင်းယူပေးထားတဲ့ ပေါက်မြို့နယ်ပကဖက ရဲဘော် (၂) ဦးကိုလည်းအရှင်ဖမ်းဆီးပြီး ရက်ရက်စက်စက်နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
ပခုက္ကူခရိုင်ပကဖဦးဆောင်တဲ့ ပြီးခဲ့တဲ့ဇွန်လအတွင်းကစစ်ဆင်ရေးတွေမှာ စစ်အုပ်စုရဲ့ရေပြာရဲစခန်းနဲ့ ကုက္ကိုစုကျေးရွာကိုသိမ်းယူနိုင်ခဲ့ပြီး အဲ့ဒီသိမ်းယူမှုအတွင်းမှာ ဖမ်းဆီးမိတဲ့ပျူစောထီးတွေနဲ့စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို စစ်ဆေးမေးမြန်းပြီးနောက် အခုလိုဖြစ်စဉ်တွေသိရှိပေါ်ပေါက်လာတာဖြစ်ပါတယ်။
လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း စစ်သုံ့ပန်းတွေကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့လည်း ပေါက် ပကဖကအသိပေးထားပါတယ်။
လက်နက်အားကိုးနဲ့ရမ်းကားနေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုလည်း မကွေးတိုင်းအတွင်း တိုင်း၊ ခရိုင်၊ မြို့နယ် ပကဖ ရဲဘော်တွေက ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။




Comments