၈ထပ်ရေတံခွန်မှာပျောက်ဆုံးသူနှစ်ဦးထဲက တစ်ဦးရုပ်အလောင်းကိုရှာဖွေတွေ့ရှိ၊
- BVJ
- 1 day ago
- 1 min read
သေဆုံးသူ ၃ ဦးအထိရှိလာ
BVJ/ဇော်_စက်တင်ဘာ ၃၀၊ ၂၀၂၅

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောရွာအရှေ့ဘက်က ၈ထပ်ရေတံခွန်မှာ တောင်ကျရေတရှိန်ထိုးစီးဆင်းခဲ့တာကြောင့် ရေကစားသူတွေမျောပါသွားပြီး ပျောက်ဆုံးနေတဲ့ နှစ်ဦးထဲက တစ်ဦးကိုသေဆုံးလျက်ထပ်မံတွေ့ရှိပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီက သိရပါတယ်။
မနေ့က စက်တင်ဘာ ၂၉ ရက်နေ့ ရေတံခွန်အပေါ်ဆုံးအဆင့်မှာ နိုင်ငံခြားသား ဆရာ၊ဆရာမတွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ အပန်းဖြေနေချိန် သုံးနာရီခန့်မှာ တောင်ကျရေတရှိန်ထိုးစီးဆင်းခဲ့ပြီး တောင်ကျရေကြောင့် (၅) ဦးမျောပါသွားခဲ့တာပါ။
ရေစီးနဲ့မျောပါသွားတဲ့သူတွေထဲက ရုရှားနိုင်ငံသား (၁) ဦးကိုတော့ ရေတံခွန်အပေါ်ဆုံးအဆင့်မှာ ညာခြေထောက်ကျိုးနေတဲ့ဒဏ်ရာနဲ့ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသမီး (၂) ဦးကိုတော့ ၈ ထပ်ရေတံခွန်ရဲ့ အောက်အဆင့် ၃ ထပ်ရေတံခွန်မှာသေဆုံးလျက်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ငါးဦးထဲက ပျောက်ဆုံးနေတဲ့ အမျိုးသမီး နှစ်ဦးကို ဒီနေ့မှာ ဆက်လက်ရှာဖွေရာမှာတော့ တစ်ဦးရဲ့ရုပ်အလောင်းကိုတွေ့ရှိထားပြီး နောက်တစ်ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ ပြန်ကြားရေးတာဝန်ခံက Burma VJ ကိုပြောပါတယ်။
“ကျွန်တော်တို့ဒီနေ့ရှာဖွေမှုကနေ ပျောက်ဆုံးနေတဲ့နှစ်ယောက်ထဲကနေတော့ အလောင်းတစ်လောင်း တွေ့ထားပါတယ်။ အခြေအနေအသေးစိတ်တော့ မသိရသေးပါဘူး။ ရှာတွေ့တဲ့နေရာကလိုင်းမရတော့ ကျွန်တော်နဲ့ အဆက်အသွယ်မရသေးဘူး။ ပထမလိုင်းခဏရတော့တွေ့ပြီဆိုတဲ့ သတင်းတော့ရတယ်။ ဒါပေမယ့် သေဆုံးသူက ဘယ်သူလဲ၊ ဘယ်နေရာမှာလဲဆိုတာတော့ မသိရသေးပါဘူး။ အရင်နေ့က တွေ့တဲ့ သေဆုံးသူ (၂) ယောက်ထဲက တစ်ယောက်ကတော့ နိုင်ငံခြားသူလို့ သိရတယ်”
လက်ရှိမှာပျောက်ဆုံးနေသူတစ်ဦးကိုဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ကူညီကယ်ဆယ်ရေးကိုတော့ ဒေသခံတွေ၊ ပရဟိတအသင်းအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး (မန္တလေးတိုင်း)နဲ့ စေတနာမွန်လူမှုကူညီရေးအသင်း-အုန်းချောတို့က ပူးပေါင်းဆောင်ရွက်နေတာလို့ သိရပါတယ်။
Comments