ကျောင်းပိတ်သိမ်းလိုက်တဲ့ဒေါနလမ်းကျောင်းက ကျောင်းသား/ကျောင်းသူတွေပညာဆက်လက်သင်ကြားနိုင်ခွင့် တောင်းဆို
- BVJ

- Jun 16
- 1 min read
မိုနာ/BVJ_ဇွန် ၁၆၊ ၂၀၂၆

မြန်မာ-ထိုင်းနယ်စပ် ဖုတ်ဖရမြို့အတွင်းမှာရှိတဲ့ ဒေါနလမ်းGEDကျောင်းက ကျောင်းအုပ်ဆရာဖြစ်သူဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ဖမ်းဆီးခံထားရပြီးနောက်မှာ ဒေါနလမ်းကျောင်းအုပ်ချုပ်ရေးကောင်စီကနေ ကျောင်းကိုပိတ်သိမ်းလိုက်တာကြောင့် ပညာဆက်လက်သင်ကြားခွင့်ရရေးအတွက် ကျောင်းသား/ကျောင်းသူတွေက ဒီနေ့ ဇွန် ၁၆ရက်မှာ အသနားခံစာတင်တောင်းဆိုလာကြပါတယ်။
Dawna Land College (အသက်မွေးဝမ်းကြောင်း ပညာရပ်သင်တန်းကျောင်း)က ကျောင်းအုပ်တာဝန်ယူထားသူအမျိုးသားဟာ ကျောင်းသားနဲ့ကျောင်းဆရာ စုစုပေါင်း ၅ ဦးနဲ့အထက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုပြုလုပ်တယ်လို့တိုင်ကြားမှုဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာ အခု ဇွန် ၁၂ရက်ကစပြီး ကျောင်းကောင်စီကနေကျောင်းကိုပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။
ကျောင်းပိတ်သိမ်းလိုက်တာကြောင့် ကျောင်းအိပ်၊ကျောင်းစား အဆောင်နေကျောင်းသား/ကျောင်းသူတွေဟာ နေရပ်ပြန်သွားကြရပြီးအခက်အခဲတွေကြုံတွေ့နေရတယ်လို့ ဒေါနလမ်းGEDကျောင်းမှာတက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူတွေက ဒီနေ့မှာအသိပေးထုတ်ပြန်လာပါတယ်။
ကျောင်းပိတ်သိမ်းလိုက်တဲ့အကြောင်းရင်းဟာ GEDပရိုဂရမ်ကိုလုပ်တာ ကျောင်းအုပ်ရဲ့အစီအစဉ်သာဖြစ်တာကြောင့် ကျောင်းကော်မတီတွေအနေနဲ့မသိကြောင်း၊ အခုကိစ္စဖြစ်ပေါ်ပြီးနောက်ပိုင်းမှာ ရန်ပုံငွေအခက်အခဲရှိကြောင်း၊ သင်ကြားရေးဆရာ/ဆရာမတွေအတွက် လစာပေးဖို့မရှိကြောင်းတွေကို ကော်မတီဘက်ကကျောင်းသားတွေနဲ့အစည်းအဝေးပြုလုပ်ပြောခဲ့တယ်လို့ သိရပါတယ်။
ဒေါနလမ်းGEDကျောင်း လက်ရှိပိတ်သိမ်းလိုက်တဲ့အခြေအနေနဲ့ပတ်သက်ပြီး ကျောင်းမှာတက်နေတဲ့ကျောင်းသူတစ်ဦးဖြစ်တဲ့ Ariesက ကျောင်းသား/ကျောင်းသူတွေရင်ဆိုင်နေရတဲ့လက်ရှိအခြေအနေကိုအခုလိုပြောပါတယ်။
"ပြန်သွားတဲ့သူတွေက နယ်စပ် လိုင်းမကောင်းတဲ့နေရာမှာရောက်နေတာကြောင့် Online class ဂျွိုင်းတာမှာပြသနာဖြစ်နေပါတယ်။ ကျောင်းသားကျောင်းသူတွေအနေနဲ့ online class ဂျွိုင်းဖို့အတွက် နေထိုင်စရာအဆောင်နဲ့ စားစရိတ် internetစားရိတ်လိုအပ်နေပါတယ် GED ပြီးတဲ့အထိ"လို့ Burma VJကိုပြောပါတယ်။
ဒေါနလမ်းGEDကျောင်းမှာတက်ရောက်နေသူတွေဟာ စစ်ဘေးရှောင်ဒေသက ကလေးတွေနဲ့ စစ်တပ်အာဏာသိမ်းပြီး ဖမ်းဆီးထောင်ချခံရသူတွေထဲကလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းလူငယ်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။

ဒေါနလမ်းကျောင်းဟာ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ(နော်ဝေ)ဦးဆောင်တဲ့ အရှင်ထာဝရဖောင်ဒေးရှင်းက မတည် တည်ထောင်ထားတဲ့ကျောင်းဖြစ်ပါတယ်။ ကျောင်းကို အသက်မွေးဝမ်းကြောင်းနဲ့ ပညာရပ်ပိုင်းဆိုင်ရာသင်တန်းတွေပို့ချသင်ကြားပေးဖို့အတွက်ရည်ရွယ်ထားပြီး GEDကိုတော့ အခုနှစ် မေလနောက်ဆုံးပတ်မှာစဖွင့်ခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ ကျောင်းကဖွံ့ဖြိုးတည်ဆောက်ဆဲအဆင့်မှာသာရှိသေးပြီး ကျောင်းအုပ်ချုပ်ရေးပိုင်းဆိုင်ရာဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲနေကြောင်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကအတည်ပြုလက်မှတ်ရေးထိုးခြင်းမရှိသေးဘဲ အခုလိုဖြစ်စဉ်တွေဖြစ်ပွားလာတာလို့ ကျောင်းအုပ်ရေးကောင်စီရဲ့ မနေ့က ဇွန် ၁၅ရက်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါ့အပြင် ကျောင်းအနေနဲ့လည်း အခုကိစ္စဖြစ်ပေါ်ပြီးနောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအခက်အခဲနဲ့ ရန်ပုံငွေကန့်သတ်ချက်ဖြစ်သွားတာကြောင့် ကျောင်းကိုပိတ်သိမ်းထားပြီး ကျောင်းသား/ကျောင်းသူတွေ ပညာဆက်လက်သင်နိုင်ရေးအတွက် တခြားကျောင်းတွေမှာပြောင်းရွှေ့တက်နိုင်ရေးညှိနှိုင်းပေးခြင်း၊ လိုအပ်တဲ့ထောက်ပံ့မှုနဲ့အဆောင်ခ ကူညီထောက်ပံ့နိုင်ရေးတို့ကို ကျောင်းသားမိဘတွေနဲ့ ဇွန်လ ၁၂ရက်မှာအရေးပေါ်အွန်လိုင်းအစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ကျောင်းကောင်စီကထုတ်ပြန်ခဲ့ပေမယ့် ကျောင်းသား/ကျောင်းသူတွေကရဲ့ ဒီနေ့ထုတ်ပြန်ချက်နဲ့ကွဲလွဲနေတာကိုတွေ့ရပါတယ်။
ကျောင်းသား/ကျောင်းသူတွေရဲ့ထုတ်ပြန်ချက်ထဲမှာတော့ ကျောင်းကိုဆက်ဖွင့်ဖို့ပြောခဲ့ကြပေမယ့် ကျောင်းကောင်စီဘက်ကကျောင်းကိုဖျက်သိမ်းဖို့သာ အကြိမ်ကြိမ်ပြောခဲ့ခြင်း၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်ခဲ့ရခြင်း၊ စစ်ဘေးရှောင်နယ်မြေက ကျောင်းသား/ကျောင်းသူတွေကိုလုံခြုံမှုအပြည့်အဝမပေးခဲ့ခြင်း၊ ပြန်သွားသူတွေဟာလည်း အွန်လိုင်းအတန်းကိုတက်ဖို့ အင်တာနက်ပြဿနာရှိခြင်း၊ နေရပ်ပြန်မရောက်သေးဘဲလမ်းခရီးတဝက်မှာသာရှိသေးခြင်းစတဲ့ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ဖော်ပြပါတယ်။
"စကစရဲ့ကျွန်ပညာရေးကိုဆန့်ကျင်ပြီး ကိုယ့်လမ်းကိုယ်ဖောက်ပြီးအရဲစွန့်လာကြရတဲ့ကျောင်းသား/ကျောင်းသူတွေအပေါ် ယခုလိုပညာရေး၊နေရေး၊စားရေးတခုမှမစီစဉ်ပေးနိုင်ခြင်းအပေါ် များစွာဝမ်းနည်းမိပါတယ်"လို့ ကျောင်းသား/ကျောင်းသူတွေရဲ့ အသနားခံစာမှာဖော်ပြထားပါတယ်။

အသက်မပြည့်သေးသူတစ်ဦးအပါအဝင် အမျိုးသား ငါးဦးထက်မနည်းကို လိင်ပိုင်းဆိုင်ရာကျူးလွန်နှောက်ယှက်မှုနဲ့တိုင်ကြားထားလို့ ဖမ်းဆီးခံထားရတဲ့ကျောင်းအုပ်ဆရာဟာ ၂၀၂၁ခုနှစ်နောက်ပိုင်းမှာ ကရင်ပြည်နယ်မှာ PDFတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး သစ်ရွက်ပန်းချီပုံဆွဲသူအဖြစ် နာမည်ကြီးသူတစ်ဦးလည်းဖြစ်ပါတယ်။
လက်ရှိမှာသူ့ကို ကရင်အမျိုးသားအစည်းအရုံး-KNUကဖမ်းဆီးထိန်းသိမ်းထားပြီး ထိုင်းဥပဒေနဲ့အရေးယူနိုင်ရေးအတွက် နစ်နာသူတွေဘက်ကလိုက်ပါကူညီပေးနေသူတွေက ဆောင်ရွက်နေပါတယ်။
ဒေါနလမ်းGEDကျောင်းသား/ကျောင်းသူတွေရဲ့တောင်းဆိုချက်ထဲမှာတော့ အခုဖမ်းဆီးခံထားရတဲ့ကျောင်းအုပ်ကို တော်လှန်ရေးထဲထပ်ပြီးခြေမချစေဖို့၊ထပ်ဆင့်လိမ်ညာလှည့်ဖျားပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ကျူးလွန်မှုတွေကို ထပ်မလုပ်စေဖို့ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်းနဲ့ ဒေါနလမ်းတည်ထောင်တဲ့ ကျောင်းကောင်စီအနေနဲ့လည်း ကျောင်းသား/ကျောင်းသူတွေပညာရေးအတွက် အပြည့်အဝတာဝန်ဆက်ယူပေးစေချင်တယ်လို့ ဖော်ပြထားပါတယ်။




Comments