top of page

ပလက်ဝကို ULA/AAရဲ့ခရိုင်အဖြစ်ထည့်သွင်းမှုအပေါ် ချင်းပြည်ကောင်စီ ကန့်ကွက်

  • Writer: BVJ
    BVJ
  • Sep 1
  • 1 min read

ယူဂရင်း/BVJ_ စက်တင်ဘာ ၁၊ ၂၀၂၅

ပုံစာ-ပလက်ဝမြို့နယ်ကိုသိမ်းယူပြီးနောက် AAတပ်ဖွဲ့ဝင်တွေကိုမြင်တွေ့ရပုံ။
ပုံစာ-ပလက်ဝမြို့နယ်ကိုသိမ်းယူပြီးနောက် AAတပ်ဖွဲ့ဝင်တွေကိုမြင်တွေ့ရပုံ။

ချင်းပြည်နယ်၊ ပလက်ဝကို အာရက္ခတပ်တော်-ULA/AAရဲ့ ခရိုင်တခုအဖြစ် ထည့်သွင်းထားတာကို ကန့်ကွက်တယ်လို့ ချင်းပြည်ကောင်စီ(CC)က ထုတ်ပြန်ကြေညာပါတယ်။


ချင်းပြည်ကောင်စီရဲ့ ပဥ္စမအကြိမ်ကောင်စီအစည်းအဝေးကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ကနေ ၁၉ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး အဲ့ဒီအစည်းအဝေးအပြီးမှာ ပလက်ဝကိစ္စအပါအဝင် အချက် (၆)ချက်ကိုကြေညာလာတာဖြစ်ပါတယ်။


ပလက်ဝမြို့နယ်ကို AAက ၂၀၂၄၊ ဇန်နဝါရီလမှာသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ ရှစ်ခုမြောက်ခရိုင်တစ်ခုအဖြစ်ထည့်သွင်းကာ ဥပဒေတွေပြဌာန်း၊ အုပ်ချုပ်ရေးအကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ သြဂုတ်လ ၁၁ရက် သတင်းစာရှင်းပွဲမှာ AAပြောခွင့်ရ ဦးခိုင်သုခက ထုတ်ပြောထားပါတယ်။


ကြေညာချက်နဲ့ပတ်သက်ပြီး ချင်းပြည်ကောင်စီဒုတိယဥက္ကဌ Salai Bawi kungက “ရှေ့မှာဘာလုပ်သွားမလဲဆိုတဲ့ဟာက ကြိုတင်ပြီးတော့မှ ပြောလို့မရပေမယ့် ပြောလို့ရတာကတော့ ပလက်ဝသည်ချင်းပြည်ထဲမှာရှိပြီးသားဖြစ်တဲ့အတွက် ပြည်သူလူထုတွေရဲ့ဆန္ဒအရ ပလက်ဝအုပ်ချုပ်ရေးဟာချင်းပြည်မှာရှိတဲ့ အုပ်ချုပ်ရေးအောက်ရောက်သွားအောင်တော့ တော်လှန်ရေးကာလမှာရော တော်လှန်ရေးကာလအလွန်မှာရော ဆက်ပြီးတော့မှအမျိုးမျိုးနဲ့ကြိုးစားသွားမှာဖြစ်ပါတယ်”လို့ Burma VJကိုပြောပါတယ်။


ဒါ့အပြင် ပလက်ဝအရေးအပါအဝင် ချင်းပြည်နယ်တွင်းလက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ULA/AAကိုတောင်းဆိုချင်တယ်လို့ ပြောပါတယ်။

“ULA/AAက အဲ့လိုမျိုးကြေညာလိုက်တဲ့အခါကျတော့ ချင်းပြည်သူလူထုတွေရဲ့ခံစားချက်က တော်‌တော်မြင့်မားလာတယ်။ အဲ့တော့ ကျနော်တို့ကတော့ ULA/AAကို တောင်းဆိုချင်တယ်။ ဘာဖြစ်လို့ လိုင်းကနေပဲတောင်းဆိုနေရသလဲဆိုရင်တော့ တွေ့ဆုံဖို့အတွက် ချင်းလဲန်းကောင်စီက အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ပလက်ဝတခုထဲအရေးမဟုတ်ဘဲ ကမ်းလှမ်းခဲ့ပေမယ့် ULA/AAဘက်က တစုံတရာမှတွေ့ဆုံချင်တဲ့စိတ် မရှိခဲ့တဲ့အတွက် တခါမှတွေ့ဆုံခြင်းလည်းမရှိခဲ့ပါဘူး။ အဲ့ဒီတော့ ULA/AAကနေမှ ပလက်ဝကို သူ့လက်အောက်မှာထားတာတခုထဲထက် ချင်းပြည်မှာလက်ရှိ ကျနော်တို့ညီအကိုချင်းကြားမှာရော ငြိမ်းချမ်းရေးလုပ်တဲ့နေရာမှာရော ULA/AAက အဟန့်အတားတော်တော်ဖြစ်စေတယ်ဆိုတဲ့ဟာကိုလည်း ထပ်ဖြည့်စွက်ချင်တယ်”


ချင်းပြည်ကောင်စီရဲ့ ထုတ်ပြန်ချက် (၆)ချက်ထဲမှာ ချင်းပြည်အတွင်း လက်ရှိဖြစ်ပွားနေတဲ့အစုအဖွဲ့အချင်းချင်းကြား အမုန်းတရားတွေ၊ စိတ်ဝမ်းကွဲပြားမှုတွေနဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်စေရေးနဲ့ အမြန်ဆုံးပြန်လည်သင့်မြတ်ပေါင်းစည်းနိုင်ရေးအတွက် ချင်းအမျိုးသားဖြစ်တည်မှုစံတန်ဖိုးတွေကို အလေးထားကိုင်စွဲပြီး ဘာသာရေးခေါင်းဆောင်တွေနဲ့ သြဇာတိက္ကမရှိတဲ့ပုဂ္ဂိုလ်တွေပါဝင်စေဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။


ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုကကျင်းပမယ့်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ပြီး ရွေးကောက်ပွဲမှာပါဝင်ပတ်သက်သူတွေကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်၊ ပြင်းထန်စွာအရေးယူမယ်လို့ ဖော်ပြပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page