ပါလက်စတိုင်းကို နိုင်ငံအဖြစ် ယူကေတရားဝင်အသိအမှတ်ပြု
- BVJ
- Sep 23
- 1 min read
အေတီ/BVJ_ စက်တင်ဘာ၂၁၊ ၂၀၂၅

ပါလက်စတိုင်းကို လွတ်လပ်တဲ့နိုင်ငံတနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ယူကေဝန်ကြီးချုပ်ကီယာစတမ်မာက Xဆိုရှယ်မီဒီယာပေါ် က ဗီဒီယိုဖိုင်ကတဆင့် ထုတ်ပြန်ပါတယ်။
သြစတြေးလျ၊ကနေဒါနဲ့ပေါ်တူဂီတို့ကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ်တရားဝင်အသိအမှတ်ပြုကြောင်းကြေညာခဲ့ပြီး ပြင်သစ်ကလည်း အဲ့ဒီလမ်းကြောင်းအတိုင်း မကြာခင်မှာကြေညာဖို့ရှိပါတယ်။
ဂါဇာကမ်းမြှောင်ဒေသက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၊ပါလက်စတိုင်းနိုင်ငံတည်ရှိမှုကို ရေရှည်ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အဖြစ် အစ္စရေးဘက်ကလက်မခံဘူးဆိုရင် ယူကေနိုင်ငံအနေနဲ့ ဆုံးဖြတ်ချက်တခုခုချရတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လက ယူကေဝန်ကြီးချုပ်ကီယာစတမ်မာကပြောခဲ့တာကို လက်တွေ့အကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။
၂၀၂၃ခုနှစ် အောက်တိုဘာလ ၇ရက်နေ့က အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်တွေရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူပေါင်း၁၂၀၀သေဆုံးပြီး ၂၅၁ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးခံရမှုဖြစ်ပွားပြီးထဲက ဂါဇာမှာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်လုပ်ဖို့ကိစ္စကို အစ္စရေးခေါင်းဆောင်တွေက တောက်လျှောက်ငြင်းဆိုခဲ့ပါတယ်။
ယူကေဝန်ကြီးချုပ်ရဲ့အဲ့ဒီလုပ်ဆောင်ချက်ကို အစ္စရေးအစိုးရ၊ ဂါဇာမှာထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေရဲ့မိသားစုတွေနဲ့ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီဝင်တချို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ဝေဖန်ခဲ့ကြပါတယ်။အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိအမှတ်ပြုခြင်းဟာ အကြမ်းဖက်မှုကိုဆုလာဘ်ချီးမြှင့်ခဲ့တာဖြစ်ကြောင်း ပြောထားပါတယ်။
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ့်ကိစ္စဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်စိတ်တစ် ပိုင်းအဖြစ်၊အကျိုးသက်ရောက်မှု အများဆုံးအချိန်တစ်ချိချိန်မှာ ဖြစ်လာသင့်တယ်လို့ ယူကေအစိုးရအဆက်ဆက်က ပြောကြားခဲ့တာကနေ အခုလုပ်ရပ်ဖြစ်လာတာဟာယူကေနိုင်ငံခြားမူဝါမှာ ကြီးမားတဲ့ အပြောင်းအလဲတခုဖြစ်လာတာလို့ ပြောနိုင်ပါတယ်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရေးအတွက် ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေး နိုင်ငံတကာရဲ့ကြိုးပမ်းမှုဟာလည်း ကာတာနိုင်ငံကို ရောက်နေတဲ့ ဟားမတ်စ်ညှိနှိုင်းရေးအဖွဲ့ကို စက်တင်ဘာ၉ရက်နေ့မှာ အစ္စရေးကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆွေးနွေးပွဲလုပ်မယ့်ကိစ္စပျက်သွားပါပြီ။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးကဝင်ရောက်တိုက်ခိုက်နေတဲ့ကိစ္စကလည်း တနေ့တခြားပိုပိုဆိုးလာပြီး ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်က အစ္စရေးက ဂါဇာမှာလူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်နေတယ်ဆိုပြီး အစီရင်ခံစာထုတ်ပြန်ထားပါတယ်။
အစ္စရေးရဲ့ဂါဇာထိုးစစ်ကြောင့် ပါလက်စတိုင်းဒေသအတွင်း လူဦးရေအများအပြားအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ အခြေခံအဆောက်အဦတွေပျက်စီးခဲ့သလို ၂နှစ်အတွင်း အနည်းဆုံး လူ ၆၅၂၀၈ဦးသေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရသိရပါတယ်။
Comments