ပါလက်စတိုင်းဘောလုံးသမားသေဆုံးမှု ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့သတင်းထုတ်ပြန်ချက်ကို မိုဆာလာ မေးခွန်းထုတ်
- BVJ

- Aug 12, 2025
- 1 min read
အေတီ/BVJ_ သြဂုတ် ၁၁၊ ၂၀၂၅

ပါလက်စတိုင်းလက်ရွေးစင်ဟောင်း Suleiman Obeid ဆူလမန်အိုဘေ့ဒ်သေဆုံးမှုနဲ့ပတ်သက်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်မှုအပေါ် လီဗာပူးတိုက်စစ်မှုးမိုဆာလာက မေးခွန်းထုတ်လိုက်ပါတယ်။
သြဂုတ်၈ရက်နေ့မှာ ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖေက ဆိုရှယ်မီယာ X ဖလက်ဖောင်းမှာ ပါလက်စတိုင်းပီလီ ဆူလမန်သေဆုံးမှုနဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်းဖော်ပြထားပေမယ့် ဘယ်လို၊ဘယ်နေရာမှာ၊ဘာကြောင့်သေတယ်ဆိုတာ အပြည့်အစုံမဖော်ပြခဲ့တာကို မိုဟာမက်ဆာလာက ဝေဖန်မေးခွန်းထုတ်ခဲ့ပါတယ်။

ပါလက်စတိုင်းပီလီလို့လူသိများတဲ့ ပါလက်စတိုင်းလက်ရွေးစစ်ဟောင်း ကလေးငါးယောက်အဖေ ဆူလမန်အိုဘေ့ဒ်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ လူသားစာနာမှုအကူအညီပေးရေး ကားတန်းကိုစောင့်ဆိုင်းနေရင်း အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့ကြာသပတေးနေ့က သတင်းထုတ်ပြန်ပါတယ်။
အသက်၃၃နှစ်ရှိ အီဂျစ်လက်ရွေးစင် မိုဆာလာဟာ X ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ followers ၁၉သန်းကျော်ရှိသူဖြစ်ပြီး၊ ယူအီးအက်စ်ဖေတာဝန်ရှိသူတွေအပေါ် မေးခွန်းထုတ်လိုက်တဲ့ သူ့တုံ့ပြန်ချက်ကို ယူကေလေဘာပါတီခေါင်းဆောင်ဟောင်း ဂျယ်ရမီကိုဘန်းကလဲ အပြည့်အဝထောက်ခံထားပါတယ်။
မိုဟာမက်ဆာလာဟာ အရင်ကလည်း ဂါဇာကမ်းမြောင်ဒေသထဲကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကားတန်း အမြန်ဆုံးဝင်ခွင့်ပေးဖို့တိုက်တွန်းခဲ့ပြီး နောက်ထပ်သေဆုံးတွေထပ်မဖြစ်အောင် စစ်ပွဲအမြန်ဆုံးအဆုံးသတ်ပေးကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းထားပါတယ်။
ဟားမက်စ်တွေက လူ ၁၂၀၀ ကိုသတ်ဖြတ်၊ လူ ၂၅၀ ကျော်ကိုဓားစာခံလုပ်ခဲ့တဲ့ ၂၀၂၃၊ အောက်တိုဘာ ၇ရက်တိုက်ခိုက်မှုအပြီးမှာ အစ္စရေးအစိုးရကလက်တုံ့ပြန်ခဲ့မှုကြောင့် အခုအချိန်အထိ ပါလက်စတိုင်း ၆၁၀၀၀ ခန့်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။




Comments