ပုလဲမှာအဖမ်းခံထားရတဲ့ PLAတပ်ဖွဲ့ဝင် ၆ဦး မလွတ်မြောက်လာသေး
- BVJ

- Nov 11
- 1 min read
◾️MODဝင်ရှင်းပေးဖို့ တောင်းဆိုထား
အေတီ/BVJ_နိုဝင်ဘာ ၁၁၊ ၂၀၂၅

ပြီးခဲ့တဲ့လ အောက်တိုဘာ၂၆ရက်နေ့က စစ်ကိုင်းတိုင်း၊ ပုလဲနယ်ထဲမှာဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAတပ်ဖွဲ့ဝင်ခြောက်ဦးဟာ လက်ရှိ(နိုဝင်ဘာ ၁၀ရက်)အချိန်အထိပြန်မလွတ်လာသေးဘူးလို့ PLAပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက Burma VJ ကိုအတည်ပြုပါတယ်။
အဖမ်းခံထားရတဲ့ရဲဘော်တွေကိစ္စနဲ့ပတ်သက်ပြီး ပုလဲနယ်က ပအဖ၊ပကဖ တာဝန်ခံတွေနဲ့ PLAတပ်ဖွဲ့တာဝန်ရှိတဲ့သူတွေကြား နိုဝင်ဘာ ၇ ရက်နေ့က နောက်ဆုံးဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့လည်း သိရပါတယ်။
“သေနတ်မှန်သွားတဲ့ သူကို ဆေးကုပေးမယ်။ ပျက်သွားတဲ့သေနတ်ကို အစားပြန်လျော်ပေးမယ်။ ကျွန်တော်တို့လူတွေကိုလဲ တပ်ဥပဒေနဲ့ အရေးယူပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။သူတို့ဘက်ကလဲ ၃ရက်အတွင်း သူတို့တောင်းထားတဲ့အချက်အလက်တွေ လိုက်လျောရင်လွှတ်ပေးမယ်လို့ပြောတယ်။ မနေ့က ၃ရက်ပြည့်သွားပြီဆိုတော့ သူတို့ညှိတဲ့ဘယ်အချက်တွေလိုက်နာနိုင်တယ်၊ ဘယ်အချက်တွေတော့မလိုက်နာနိုင်ဘူးဆိုတာပြောဖို့ ပြန်ဆက်သွယ်တာ အခုထိပြန်ဆက်သွယ်လို့မရသေးဘူး။ ဒီကိစ္စဝင်ဖြေရှင်းပေးဖို့ MODကိုလည်းအကူအညီတောင်းထားပါတယ်”လို့ PLA တပ်ဖွဲ့ တာဝန်ရှိသူက နောက်ဆုံးအခြေအနေကိုရှင်းပြပါတယ်။

ပုလဲတိုက်နယ်(၈)နယ်မြေထဲမှာ PLA တပ်ဖွဲ့က စစ်ဆေးရေးဂိတ်ဖွင့်ထားတာနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့တိုင်တန်းမှုကြောင့် တိုက်နယ်(၈)ပအဖ တာ ဝန်ခံဦးရွှေဝိုင်းကသွားပြောတာကနေ အချင်းများပြီး ဦးရွှေဝိုင်းဖမ်းဆီးခံရတာကြောင့် PLAတပ်ဖွဲ့နဲ့ နယ်ခံရွာသားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အထိဖြစ်ခဲ့တယ်လို့ ပုလဲ ပအဖတာဝန်ခံ ဦးဇော်ထက်က BVJကို ပြောပါတယ်။
PLA တပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် တပ်ရင်း၁၂က ရဲဘော်တစ်ဦးရဲ့ လက်သေနတ်မှန်သွားပြီး လက်ချောင်းလေးတွေပြတ်သွားကြောင်း၊ သေနတ်နဲ့ပစ်တဲ့ PLAရဲဘော်ကို ရွာသားတွေကဝင်လုံးတာကနေ ဗုံးသီးစနက်တံဖြုတ်တဲ့ အခြေအနေထိဖြစ်သွားကြောင်း၊ အခင်းဖြစ်တဲ့နေရာမှာ PLAတပ်က ရဲဘော်တွေအသုံးပြုခဲ့တဲ့ သေနတ်နှစ်လက်၊ စနစ်တံဖြုတ်ပြီးသား မကွဲတဲ့ဗုံးသီး၊အခြားဆက်စပ်ပစ္စည်းတွေနဲ့ PLAရဲဘော်တွေကို ယင်းမာပင်ခရိုင် ကွပ်ကဲရေးရုံးကို အပ်ထားတယ်လို့လည်း ပုလဲ ပအဖတာဝန်ခံ ကိုဇော်ထက်က ထပ်ဖြည့်ပြောပါတယ်။
PLAရဲ့ကန့်ဒေါင့်နယ်မြေတာဝန်ခံ ကိုနှင်းမောင်ကို လူအုပ်ကညာသံပေးဝိုင်းချုပ်၊ ထိုးကြိတ် သေနတ်ဝင်လုရာကနေ ခြောက်လှန့်ပြီးပစ်ခဲ့ရကြောင်း၊ သေနတ်ကို မြေကြီးစိုက်ပြီးပစ်တဲ့အချိန်မှာ တစ်ယောက်ကသေနတ်လာလုတဲ့အတွက် ပြောင်းကိုလက်နဲ့ပိတ်မိသလိုဖြစ်သွားတာကြောင့် လက်သုံးချောင်းပြတ်သွားခဲ့ရတာဖြစ်ကြောင်း၊ နောက်တစ်ယောက်က ရဲဘော်ဆီက လက်ပစ်ဗုံးကို ပင်ထိုးထားတဲ့ကွင်းကနေဆွဲလုတဲ့အတွက် လက်ပစ်ဗုံးပင်ပြုတ်ကာအောက်ကျသွားပြီး ကံကောင်းလို့မကွဲခဲ့တာဖြစ်ကြောင်း PLA တပ်ရဲ့အစီရင်ခံစာတခုမှာ ဖြေရှင်းထားတာကိုတွေ့ရပါတယ်။

ပုလဲနယ်မှာဖမ်းဆီးခံထားရတဲ့ PLAတပ်ဖွဲ့ကရဲဘော်တွေကတော့ ရဲဘော်နှင်းမောင် (ကန့်ဒေါင့်နယ်မြေ တာဝန်ခံ)၊ ရဲဘော်အောင်ဟိန်း (စစ်ကြောင်း ၂ ၊ တပ်ခွဲမှူး)၊ ရဲဘော်စိုးအောင်၊ ရဲဘော်မြေစာ၊ ရဲဘော်ECနဲ့ ရဲဘော်POတို့ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီရဲဘော်တွေနဲ့အတူ MA 11 သေနတ်(၁)လက်နဲ့ ကျည်ဘောက် တစ်ဘောက်၊ ၅.၅၆ ကျည် ၂၆ တောင့်၊ Type 81 (၁)လက်နဲ့ ကျည်ဘောက် တစ်ဘောက်၊ ၇.၆၂ ကျည် ၂၆ တောင့် ၊ လက်ပစ်ဗုံး ၄ လုံး၊ ဆိုလာစလိုက်မီး တစ်လုံး၊ ဘေးလွယ်အိတ် တစ်လုံး၊TYT စကားပြောစက် နှစ်လုံးတို့ကိုလည်း ယင်းမာပင်ခရိုင်ရုံးကသိမ်းဆည်းထားပါတယ်။
ယင်းမာပင်ခရိုင်ကွပ်ကဲရေးရုံးကိုလွှဲပြောင်းခံထားရတဲ့ PLAတပ်ဖွဲ့ဝင် ၆ ဦးရဲ့ နောက်ဆုံးအခြေအနေကိုသိနိုင်ဖို့အတွက် ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းကို Burma VJက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုအထိတစုံတရာအကြောင်းပြန်ကြားချက်မရရှိသေးပါဘူး။







Comments