ပုလဲမြို့ပေါ်ကစစ်အုပ်စု ကျေးရွာတွေထဲစစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ၃၀ကျော်ကဒေသခံတွေ ရှောင်တိမ်းနေရ
- BVJ
- 3 days ago
- 1 min read
မိုနာ/BVJ_စက်တင်ဘာ ၅၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲကကျေးရွာတွေကို မြို့ပေါ်ကစစ်အုပ်စုဟာ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၃၀ခန့်ကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံဆီက သိရပါတယ်။
စစ်ကြောင်းကနှစ်ပါတ်ကျော်ကြာနေပြီဖြစ်တာကြောင့် ကျေးရွာပေါင်း ၃၀ခန့်က ဒေသခံ တစ်သောင်းကျော်ဟာလည်းတိမ်းရှောင်ထွက်ပြေးနေရတာ နှစ်ပါတ်ကျော်ရှိနေပြီလို့ ပုလဲဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းက ပြီးခဲ့တဲ့လလယ်ထဲကထိုးနေတာတောက်လျောက်ဆိုတော့ လူတွေလည်းပြန်ဝင်မနေရဲသေးဘူးလေ။ တိုက်ပွဲလည်းဖြစ်တယ်။ မိုင်းဆွဲတိုက်တယ်လို့ကြားတယ်။ စစ်ကြောင်းကတကြောင်းထဲမဟုတ်ဘူး။ ဇီးဖြူကုန်း၊ မင်းတိုင်ပင်၊ နှောကန်၊ လက်ပုကန် အဲ့ရွာတွေမှာ စစ်ကြောင်းတွေအကုန်ရှိတယ်။ ပြေးလာတာ နည်းနည်းကြာတော့စားဝတ်နေရေးလေးတော့ နည်းနည်းထိခိုက်ကြတာပေါ့။ ဒါပေမယ့် တော်လှန်ရေးတပ်တွေနဲ့ ဒေသအဖွဲ့တွေကလည်းကူကြပါတယ်”
ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့သြဂုတ်လနဲ့ စက်တင်ဘာ၁ရက်နေ့တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ ကန့်ဒေါင့်ရွာစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာစွန့်လွှတ်လိုက်ပြီးနောက်ပိုင်းမှာ စစ်ကြောင်းထိုးတာတွေနဲ့ လက်နက်ကြီးပစ်၊ လေကြောင်းဗုံးကြဲတာတွေကို တောက်လျောက်လုပ်ဆောင်နေတာလို့လည်း သိရပါတယ်။

လက်ရှိမှာ ချောင်းနား၊ မဲဇရပ်၊ ဦးနှောက်၊ ညောင်းရင်းကုန်း၊ တလိုင်းကန်ရွာတွေနဲ့ ပုလဲမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး တိမ်းရှောင်နေတာနှစ်ပါတ်ကျော်ကြာလာတဲ့အတွက် စစ်ရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA၊ အနောက်မြောက်စစ်ဒေသ၊ ဆေးတပ်ဖွဲ့က မနေ့က စက်တင်ဘာလ ၄ ရက်ကစပြီး ဆေးကုသမှုပေးကာ စားနပ်ရိက္ခာတွေထောက်ပံ့နေတယ်လို့လည်း ဒီနေ့မှာ အသိပေးထားပါတယ်။
PLA ဖော်ပြချက်အရလည်း ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့လ သြဂုတ် ၁၆ရက်ကစပြီး ပုလဲ-မင်းတိုင်ပင်-ဂန့်ဂေါ လမ်းမတလျောက်ကိုစစ်အုပ်စုစစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာပေါင်း ၃၀လောက်ကပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပုံစာ-ပုလဲကစစ်ဘေးရှောင်တွေကို PLAကဆေးကုပေးနေပုံ(ဓါတ်ပုံ-PLA)
Comments