စစ်မှုထမ်းကောက်ပေးတဲ့ အုပ်ကြီးနဲ့ စစ်အုပ်စုရွေးကောက်ပွဲအားပေးသူတွေကို ပီဒီအက်ဖ်ကဝင်ဖမ်းစဉ် သေဆုံး
- BVJ

- Dec 16, 2025
- 1 min read
BVJ/ဂျိုး_ဒီဇင်ဘာ ၁၆၊ ၂၀၂၅

စစ်အုပ်စုအတွက်ဒေသခံလူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းတပ်သားသစ်စုဆောင်းနေတဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့၊ အမှတ်(၁)အုပ်ချုပ်ရေးမှူးဦးမိုးနိုင်ဆိုသူကို တိုင်ကြားမှုကြောင့် နေ့လယ်ပိုင်းမှာဖမ်းဆီးခေါ်ဆောင်ခဲ့ပေမယ့် လမ်းမှာထွက်ပြေးဖို့ကြိုးစားတာတဲ့အတွက် ပစ်သတ်ခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက မနေ့က ဒီဇင်ဘာ ၁၅ရက်မှာထုတ်ပြန်ထားပါတယ်။
အုပ်ချုပ်ရေးမှူးဦးမိုးနိုင်(၅၈ နှစ်)ကို နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းခေါ်လာတဲ့အပြန်လမ်းမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကလိုက်လံပစ်ခတ်တိုက်ခိုက်တယ်လို့ မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းကဖော်ပြပါတယ်။
အဲ့ဒီနှစ်ဘက်ထိတွေ့ဖြစ်ပွားနေချိန်ကိုအခွင့်ကောင်းယူပြီး ဦးမိုးနိုင်ဟာထွက်ပြေးဖို့ပြုလုပ်တာကြောင့် လုံခြုံရေးအတွက်မလွှဲမရှောင်သာပစ်ခတ်လိုက်ရတဲ့အတွက် သေဆုံးသွားရတယ်လို့ မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။
လက်ရှိသေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှုးဦးမိုးနိုင်ဟာ စစ်အုပ်စုယန္တရား လည်ပတ်ရေးအတွက် အဓိကထောက်တိုင်အဖြစ်ရပ်တည်ပြီး ဒေသခံလူငယ်တွေ အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေသလို မိသားစုဝင်တွေဟာလည်း ရပ်ရွာအတွင်း မူးယစ်ဆေးရောင်းဝယ် ဖြန့်ဖြူးမှုတွေမှာပါဝင်ပတ်သက်နေတယ်ဆိုတဲ့ တိုင်ကြားစာတွေလည်းရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုလ ဒီဇင်ဘာ ၅ရက်နေ့မှာလည်း ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှာနေထိုင်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပုလောမြို့နယ်ဥက္ကဌ ဦးကြည်သန်း(၆၄ နှစ်)ကို စစ်အုပ်စုရဲ့ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဦးဆောင်ပါဝင်ကူညီနေသူဖြစ်တာကြောင့် နေအိမ်မှာဝင်ရောက်ဖမ်းဆီးချိန် ပြန်လည်ပစ်ခတ်ဖို့ကြိုးစားတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ပြန်ကြားရေးတာဝန်ခံက Burma VJကို ပြောထားပါတယ်။
မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းအနေနဲ့ စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကို အသက်ဝင်စေဖို့ အားပေးကူညီနေသူတွေနဲ့ ပြည်သူလူထုရဲ့ဘဝလုံခြုံမှုကို ခြိမ်းခြောက်နေသူတွေကိုထိရောက်စွာ ဆက်လက်တိုက်ဖျက်သွားမယ်လို့လည်း ပြောထားပါတယ်။







Comments