ဆရာမကြီးဒေါ်အေသီအောင်နဲ့ခင်ပွန်း သတ်ဖြတ်ခံရတဲ့ကိစ္စစုံစမ်းဖော်ထုတ်မှုမှာ KNUနဲ့ဒေသခံတာဝန်ရှိသူတွေကြား သဘောထားကွဲလွဲမှုတွေရှိနေ
- BVJ

- Dec 24, 2025
- 1 min read
အေတီ/ BVJ_ဒီဇင်ဘာ ၂၄၊ ၂၀၂၅

ဆရာမကြီး ဒေါ်အေသီအောင်နဲ့ ခင်ပွန်းသတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စမှာ တရားခံဖော်ထုတ်မှုနဲ့ပတ်သက်ပြီး KNUတပ်မဟာ(၄)တာဝန်ရှိတဲ့သူတွေနဲ့ ဒေသခံတာဝန်ရှိသူတွေကြား သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။
တရားခံလေးဦးဖမ်းမိတယ်ဆိုတဲ့ မြိတ်-ထားဝယ်ခရိုင် KNU တပ်မဟာ(၄) ရဲ့ ဒီဇင်ဘာ ၂၁ရက်နေ့ကထုတ်ပြန်ချက်ဟာ ပုလောမြို့နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့က အခြားဒေသခံအဖွဲ့အစည်းတွေကို တစုံတရာအသိပေးမတိုင်ပင်ခဲ့သလို ဖမ်းမိထားတဲ့တရားခံတွေ စုံစမ်းမေးမြန်းမှုလုပ်ရမယ့်ကိစ္စလည်း ဒေသခံအဖွဲ့အစည်းတွေခွင့်ပြုချက်မရသေးဘူးလို့သိရပါတယ်။
ဆရာမကြီးဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့သတ်ဖြတ်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ရေးအတွက် မြိတ်-ထားဝယ်ခရိုင် KNU တပ်မဟာ(၄)ကတာဝန်ရှိသူတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေပူးပေါင်းပြီး ဒီဇင်ဘာ၁၉ရက်နေ့က ပုလောမြို့နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုဖွဲ့စည်းခဲ့ပါတယ်။ ပုလောမြို့ နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ KNUအပြင် NUGလက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒေသအတွင်းက အခြားတော်လှန်ရေးအင်အားစုတွေလည်းပါဝင်ပါတယ်။
ဒါကြောင့် ဆရာမကြီးဒေါ်အေသီအောင်နဲ့ခင်ပွန်းဖြစ်သူတို့ လုပ်ကြံသတ်ဖြတ်ခံရမှု အမှုမှန်ပေါ် ပေါက်ရေးအတွက် မြိတ်-ထားဝယ်ခရိုင်KNUတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ပုလောမြို့နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ စုံစမ်းစစ်ဆေးမှုပူးပေါင်း လုပ်ဆောင်ကြဖို့ကို တနင်္သာရီတိုင်းဒေသကြီးအခြေခံပညာဆရာ၊ဆရာမများသမဂ္ဂက ကြားကနေထုတ်ပြန်ချက်ထုတ်ပြီး မနေ့ကတိုက်တွန်းခဲ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာမကြီးဒေါ်အေသီအောင်နဲ့လူချင်းရင်းနှီးတဲ့ ပုလောမြို့ခံတစ်ဦးကလည်း သူ့ရဲ့သဘောထားကို Burma VJကိုပြောပြခဲ့ပါတယ်။
“ဆရာမကြီးအိမ်ကို အချုပ်သားတွေထွက်ပြေးလာပြီးတော့ ထမင်းဝင်တောင်းစားတဲ့ဟာမကျွေးလို့ ဓါးနဲ့ခုတ်တယ်ဆိုတဲ့ပုံစံမျိုးပြောတဲ့အချက်က လုံးဝမဖြစ်နိုင်ဘူးလို့ထင်တယ်။ ဆရာမကြီးအေသီအောင်အကြောင်း ကျွန်တော်တို့ ကောင်းကောင်းသိတယ်။ဘယ်သူပဲဖြစ်ဖြစ်အခက်အခဲဖြစ်နေလို့ ထမင်းလာတောင်းစားရင် သူကပေးမှာပဲ ကျွေးမှာပဲလေ”
KNDOတပ်ဖွဲ့က ပုလောမြို့နယ်စုံစမ်းစစ်ဆေးရဲ့အဖွဲ့ကိုမတိုင်ပင်ဘဲ တရားခံတွေဖမ်းမိတဲ့ကိစ္စကို သူတို့တဖွဲ့တည်းသဘောနဲ့ထုတ်ပြန်တာဟာ ပွင့်လင်းမြင်သာမှုမရှိသလို၊တရားခံတွေက ဆရာမကြီးတို့လင်မယားကိုသတ်ပြီး လက်ဝတ်ရတနာတွေယူသွားတယ်ဆိုတဲ့အချက်ကလည်း မဖြစ်နိုင်ဘူးလို့ ပုလောမြို့ခံက ထောက်ပြပါတယ်။
“KNDO တပ်ဖွဲ့အနေနဲ့ အခုသူတို့ဖမ်းဆီးထားတဲ့ ရဲဘော်လေးယောက်က ဆရာမကြီးကိုသတ်တယ်ဆိုရင်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာပါတဲ့ မြေပြင်မှာရှိနေတဲ့ ပညာရေးအသိုင်းအဝိုင်းကလူတွေနဲ့ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြပြီး လုပ်သင့်ပါတယ်။ ကျွန်တော်သိရသလောက်ကတော့ ဆရာမကြီးတို့ဆီကနေ လက်ဝတ်ရတနာတွေမပါသွားဘူးလို့ထင်တယ်။ ပြီးတော့ KNDOတပ်ဖွဲ့ကလူတွေ အခုအချိန်ထိကျွန်တော်တို့ကို ဘာလက်ဝတ် ရတနာတွေမှ ပြန်အပ်တာမရှိသေးပါဘူး ” လို့ ဆရာမကြီး ဒေါ်အေသီအောင်နဲ့ရင်းနှီးတဲ့လူဖော်ကိုင်ဖက်ဖြစ်သူ မြို့ခံကထပ်ဖြည့်ပြောပါတယ်။
ဆရာမကြီး ဒေါ်အေသီအောင်တို့လင်မယားကိုလုပ်ကြံတဲ့သူတွေလို့ KNU တပ်မဟာ(၄)က ထုတ်ပြန်ထားတဲ့သူလေးဦးဟာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အမှတ် (၁၂)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းက ထွက်ပြေးလာတဲ့သူတွေဖြစ်ပါတယ်။ အဲ့ဒီလေးဦးဟာ KNU တပ်မဟာ (၄) လက်အောက်ခံ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅)မှာအချုပ်ကျနေရာကနေ ထွက်ပြေးသွားပြီး ဆရာမကြီး ဒေါ်အေသီအောင်တို့လင်မယားကို သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း KNU တပ်မဟာ(၄)ရဲ့ ဒီဇင်ဘာ၂၁ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ ပုလောမြို့နယ်တွင်းကဆားခဲရွာဟာ KNU တပ်မဟာ၄ ၊ KNDO တပ်ရင်း ၇ ၊တပ်ခွဲ ၂က အပြည့်အဝထိန်းချုပ်ထားတဲ့လွတ်မြောက်နယ် တနေရာဖြစ်ပါတယ်။







Comments