တရားသူကြီးတွေ တရားခွင်မှာနေ့စဉ်ကျမ်းကျိန်ရတဲ့ဥပဒေကို ကာ/လုံပယ်ဖျက်ပြီ
- BVJ

- Mar 19
- 1 min read
မင်းမင်း/BVJ_ မတ် ၁၉၊ ၂၀၂၆

မြန်မာနိုင်ငံထဲက တရားသူကြီးတွေအနေနဲ့တရားခွင်တက်ရောက်ချိန်တိုင်း နေ့စဉ်ကျမ်းကျိန်ရတဲ့ဥပဒေကိုပယ်ဖျက်လိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)ကထုတ်ပြန်ထားတာကို ဒီနေ့ မတ်လ ၁၉ ရက် စစ်အုပ်စုထိန်းချုပ်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
ကာ/လုံရဲ့ ထုတ်ပြန်ချက်အရ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်ကြောင်းနဲ့ ဒီဥပဒေမှာပါရှိတဲ့ ပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၂)ကိုပယ်ဖျက်ရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ထားတာပါ။
အခုပယ်ဖျက်လိုက်တဲ့ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ (ဂ) ပုဒ်မခွဲငယ် (၂)မှာ တရားသူကြီးတွေအနေနဲ့ နေ့စဉ်တရားခွင်တက်ရောက်ချိန်တိုင်း ကတိသစ္စာပြု ကျမ်းသစ္စာကျိန်ဆိုရမယ်လို့ဖော်ပြထားတာဖြစ်ပြီး ဒီဥပဒေကိုပယ်ဖျက်ဖို့ စစ်အုပ်စုတရားရေးဌာနက အခုနှစ် ဇန်နဝါရီလဆန်းပိုင်းကတည်းက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဥပဒေပုဒ်မ ၂၃(ဂ) ပုဒ်မခွဲငယ် (၂)ကိုပယ်ဖျက်လိုက်တဲ့အတွက် တရားသူကြီးတွေဟာ နေ့စဉ်တရားခွင်မှာ ကျမ်းကျိန်စရာမလိုတော့ဘဲ တရားစီရင်ရေးကိုသူတို့စိတ်တိုင်းကျ လုပ်ဆောင်နိုင်သွားတော့မှာဖြစ်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
“ဒီဥပဒေပုဒ်မခွဲကို သူတို့ပြင်ဖို့လုပ်နေတာကြာပြီ။ လက်ရှိကာလမှာ နေ့စဉ်ကျမ်းကျိန်နေရတာတောင် သူတို့ လုပ်ချင်သလိုလုပ်နေတာ၊ ကျမ်းမကျိန်ရတော့ဘူးဆိုရင် သူတို့စိတ်တိုင်းကျတရားစီရင်ရေးကို ပိုပြီးလွတ်လွတ်လပ်လပ်လုပ်မှာ”
ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ၂၀၁၀ခုနှစ်မှာ တင်ပြဌာန်းထားဖြစ်ပြီး တရားသူကြီးတွေကို ပိုမိုကြပ်မတ်နိုင်ဖို့အတွက် နေ့စဉ်တရားခွင်တက်ရောက်ချိန်တိုင်းကျမ်းကျိန်ဖို့ ဒီဥပဒေကို အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ၂၀၁၉ ခုနှစ် မေလအတွင်းမှာ ဖြည့်စွက်ပြဌာန်းခဲ့တာလည်း ဖြစ်ပါတယ်။




Comments