ပုလော၊တောင်ခေါင်းလောင်းရွာက စစ်အုပ်စုစခန်းကို KNLAတပ်မဟာ(၄)၊ အထူးတပ်ဖွဲ့နဲ့DNLA တို့သိမ်းယူ
- BVJ

- Feb 20
- 1 min read
ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆

တနင်္သာရီတိုင်း၊ပုလောမြို့နယ်အတွင်းက တောင်ခေါင်းလောင်းရွာမှာတပ်စွဲထားတဲ့ စစ်တပ်နဲ့ပြည်သူ့စစ်အင်အား ၂၇ဦးရှိတဲ့စစ်အုပ်စုစခန်းကို အခုလ ဖေဖော်ဝါရီ ၁၇ရက် မနက်အစောပိုင်း ၅း၃၀အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်တိုက်ခိုက်ပါတယ်။
အခုစစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAတပ်မဟာ(၄)၊ အထူးတပ်ဖွဲ့နဲ့ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-DNLAတို့က ပူးပေါင်ဆောင်ရွက်တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်အုပ်စုစခန်းကို ဗုံးသီးသုံးကြိမ်ချခဲ့တာကြောင့် စစ်အုပ်စုထွက်ပြေးသွားပြီး မနက်ခုနှစ်နာရီအချိန်မှာ ရေတပ်ကနေလက်နက်ကြီး(၇)လုံးခန့်ပစ်ခတ်ခဲ့ကြောင်းနဲ့ မနက် ၈း၂၃အချိန်မှာတော့ စခန်းကိုအပိုင်စီးနိုင်ခဲ့တယ်လို့ KNLAတပ်မဟာ(၄)၊အထူးတပ်ဖွဲ့က မနေ့ကဖေဖော်ဝါရီ ၁၉ရက်မှာထုတ်ပြန်ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က ၃ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာပြင်းထန်ရခဲ့ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိဘဲ 60mmတာဝေးဗုံးသီး(၁၀)လုံးနဲ့ အီတာဂါ(၂)လုံးတို့ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲအပြီးမှာ စစ်အုပ်စုဘက်က မနက်၉း၃၀အချိန်မှာ ဂျက်ဖိုက်တာတစင်းနဲ့ နှစ်ကြိမ်တိုင်ဗုံးကြဲချတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။

ဒါ့အပြင် တောင်ခေါင်းလောင်းရွာစခန်းသိမ်းတိုက်ပွဲကျင်းပနေချိန်မှာ စစ်အုပ်စုကိုအာရုံလွှဲဖို့အတွက်ဆိုပြီး တောင်ယာကမ်းရွာမှာတပ်စွဲထားတဲ့ အင်အား၄၀ခန့်ရှိတဲ့စစ်အုပ်စုကင်းစခန်းကိုဝင်တိုက်ခဲ့ကြောင်းနဲ့ အဲ့ဒီတိုက်ပွဲမှာလည်း စစ်အုပ်စုဘက်က ၃ဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာလည်း မနက် ခြောက်နာရီခန့်မှာ ပွိုင့်ဖိုက်လက်နက်တင်လာတဲ့ကားနဲ့စစ်ကူလာပေးခဲ့သလို ဒရုန်းနဲ့ဗုံးသုံးကြိမ်ကြဲခဲ့ပေမယ့် ရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်တယ်လို့ KNLAတပ်မဟာ(၄)၊အထူးတပ်ဖွဲ့ကသိရပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့ အခွင့်အရေးရတာနဲ့စစ်အုပ်စုကိုတိုက်ခိုက်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုတပ်စွဲထားတဲ့နေရာနားတွေမှာမနေကြဖို့ကိုလည်း KNLAတပ်မဟာ(၄)၊အထူးတပ်ဖွဲ့က အသိပေးထားပါသေးတယ်။




Comments