ပုလောမြို့နယ် မလိလှေဆိပ်ပေါက်ကွဲမှု စစ်ကောင်စီတပ်သား ဆယ်နဲ့ချီသေဆုံး
- BVJ

- Aug 25
- 1 min read
အေတီ/BVJ_သြဂုတ်၂၄၊ ၂၀၂၅

သြဂုတ်၂၃ရက် မနေ့ည ၁၀နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်ထဲက မလိလှေဆိပ်မှာ စစ်ကောင်စီတပ်အတွက် လက်နက်တင်လာတဲ့လှေတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီပေါက်ကွဲမှုဟာ လက်နက်တွေထမ်းတင်ရင်းဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးဝန်းကျင်နဲ့အတူ လှေပိုင်ရှင်ပါသေဆုံးသွားတယ်လို့ ပုလောမြို့ခံတစ်ဦးက BVJကို အတည်ပြုပါတယ်။
“ဖြစ်တဲ့အချိန် အတိအကျပြောရရင်ည၁၀နာရီ၄၅မိနစ်၊ လက်နက်ထမ်းတင်တဲ့ စစ်သား အလောင်းတောင်မရဘဲ တစစီဖြစ်သွားတယ်။သေတဲ့သူအများစုက စစ်ကောင်စီတပ်သားတွေ၊ အရပ်သားထဲကတော့ လှေပိုင်ရှင်တယောက်သေတယ်။ သူ့အလောင်းဆိုပျောက်နေပြီး မနက်မှရွှံ့မှာနစ်နေတာတွေ့ရတာတဲ့။ သေဆုံးသွားတဲ့ လှေပိုင်ရှင်နာမည်က ဦးသန်းအောင် အသက် (၅၁)နှစ်ပါ”လို့ ပုလောမြို့ခံက ပြောပါတယ်။
ပုလောမြို့ကုက္ကိုရိပ်နာရေးကူညီမှုအသင်းက ထုတ်ပြန်တဲ့ ဦးသန်းအောင်နာရေးသတင်းမှာ သြဂုတ်လ၂၃ရက် စနေနေ့ ည(၁၀:၃၀)နာရီအချိန်မှာ ကွယ်လွန်သွားတယ်လို့ ဖော်ပြပါတယ်။

အခုပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့လှေဟာ မြိတ်မြို့ကထွက်ခွာလာတာဖြစ်ပြီး၊ လှေကိုခေါ်ရင် လှေပိုင်ရှင်ပါအမြဲလိုက်ရတဲ့အတွက် လှေပိုင်ရှင်ဦးသန်းအောင်သေဆုံးပြီး သားဖြစ်သူလည်း ဆေးရုံတင်ထားရတယ်လို့ ပုလောမြို့ခံကပြောပါတယ်။
ဘယ်လိုလက်နက်မျိုးပေါက်ကွဲမှုဖြစ်ခဲ့လဲဆိုတာ သေသေချာချာမသိရသေးပေမယ့် တချို့သတင်းတွေမှာ ဒရုန်းသီးပေါက်ကွဲတာလို့ဖော်ပြနေကြပြီး၊ ဒေသခံအချို့ကတော့ လက်နက်ကြီးထမ်းပြီးချတာမှာခြေချော်ကျသွားတာလို့ ပြောနေကြပါတယ်။







Comments