ပခုက္ကူလေယာဉ်ကွင်းနားငွေကောက်နေတဲ့ စစ်အုပ်စုကို PDFပစ်ခတ်
- BVJ

- Nov 5
- 1 min read
BVJ/ဂျိုး_နိုဝင်ဘာ ၄၊ ၂၀၂၅

မကွေးတိုင်း၊ ပခုက္ကူနယ် လေယာဉ်ကွင်းအနီးမှာ ကုန်တင်ကားတွေကိုငွေညှစ်တောင်းခံနေတဲ့ စစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့ကို Southern YSO PDFအဖွဲ့ကပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF အဖွဲ့ကဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီထဲကရဲတပ်ဖွဲ့ဝင်တစ်ဦးကိုအသေပစ်ခတ်ခဲ့ပြီး သေဆုံးသူရဲတပ်သားရဲ့မိန်းမဖြစ်သူနဲ့အတူ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းမိခဲ့တယ်လို့ Southern YSO PDFထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
“ကျနော်တို့ SOUTHERNတပ်ပေါင်းစုက ရဲဘော် ၂ယောက်နဲ့ စစ်အုပ်စုယူနီဖောင်းဝတ်ပြီးတော့ ပခုက္ကူ၊ရေစကြိုလမ်းမကိုဆိုင်ကယ်နဲ့သွားပြီးတော့ ပခုက္ကူလေယာဉ်ကွင်းထိပ်မှာ ကားတွေကိုငွေတောင်းယူနေတဲ့ ရဲ...လင်မယား ၂ ယောက်ကို မနက်ပိုင်း ၇:၂၉ မိနစ်အချိန်မှာ တွေ့တယ်။ ယောကျာ်းဖြစ်သူကို အသေပစ်ခတ်ခဲ့ပြီးတော့ ကိုယ်ဝန်ဆောင်မိန်းမဖြစ်သူကို အရှင်ဖမ်းဆီးရရှိခဲ့တယ်”လို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။
ဒါ့အပြင် စစ်အုပ်စုဂိတ်ကနေလက်နက်ကြီးနဲ့ရမ်းသမ်းပစ်နေတာကြောင့် တော်လှန်ရေးတပ်တွေက ၄၀ မမတစ်လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး စစ်အုပ်စုဘက်ကနှစ်ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပစ်ခတ်မှုကြောင့်သေဆုံးသွားသူဟာ အသက် ၂၈နှစ်အရွယ်ရှိတဲ့ လုပ်သက်ခြောက်နှစ်ရှိတဲ့ ရဲတပ်သားကိုရည်မွန်ဖြစ်ပြီး ပခုက္ကူမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ စစ်အုပ်စုဖြစ်ကြောင်း ဖမ်းဆီးရမိခဲ့တဲ့ ဇနီးဖြစ်သူက ဝန်ခံထွက်ဆိုထားတာပါ။
လက်ရှိမှာတော့ဖမ်းဆီးရမိခဲ့တဲ့ ရဲတပ်သားရဲ့ဇနီးဖြစ်သူကိုစစ်ဆေးမေးမြန်းပြီးတော့ ပြန်လွှတ်ပေးလိုက်ပြီးဖြစ်တယ်လို့လည်း Southern YSO PDF အဖွဲ့ရဲ့ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။







Comments