တက္ကဆက်ရေကြီးမှုအတွင်း သေဆုံးသူ ငါးဆယ်ကျော် အထိရှိလာပြီး မိန်းကလေး အများအပြား ပျောက်ဆုံးနေ
- BVJ
- Jul 6
- 1 min read
BVJ _ ဇူလိုင် ၆ ၊ ၂၀၂၅

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရေကြီးမှုအတွင်း သေဆုံးသူ ၅၁ ဦးအထိရှိလာပြီး မိန်းကလေး ၂၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ရေကြီးမှုဖြစ်ပေါ်ခဲ့တဲ့ တက္ကဆက်အလယ်ပိုင်းမှာ ပြိုလဲနေတဲ့သစ်ပင်တွေ၊ တိမ်းမှောက်နေတဲ့ကားတွေနဲ့ အမှိုက်သရိုက်တွေ ပြည့်လျှံနေတာကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ကလည်း အခက်အခဲတွေ ဖြစ်ပေါ်နေစေပါတယ်။
ရေကြီးမှုအဆိုးရွားဆုံးဖြစ်ပေါ်ခဲ့တဲ့ Kerr ဒေသမှာ သေဆုံးသူ ကလေး ၁၅ ဦးအပါအဝင် ၄၃ ဦးအထိရှိခဲ့ပြီး အနီးနားဒေသတွေမှာလည်း သေဆုံးသူ ၈ ဦးအထိရှိခဲ့ပါတယ်။ Kerr ဒေသအတွင်း ရုတ်တရက်ရေကြီးမှုကြောင့် အပန်းဖြေစခန်းမှာရှိနေတဲ့ ကလေးငယ်ပျောက်ဆုံးမှု အရေအတွက်ကိုတော့ ဒေသအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။
တက္ကဆက်ပြည်နယ်အတွင်းက Guadalupe မြစ်ရေကြီးမှုဟာ ပြီးခဲ့တဲ့ သောကြာနေ့က ရုတ်တရက်ဖြစ်ပေါ်လာတာဖြစ်ပြီး ၄၅ မိနစ်အတွင်းမှာ မြစ်ရေမြင့်တက်မှု ၂၆ ပေအထိရှိခဲ့တာလည်း ဖြစ်ပါတယ်။ ရုတ်တရက်ရေကြီးမှုအတွင်း ဒေသခံပြည်သူတွေ ရေဘေးသင့်ခဲ့ပြီး နေအိမ်အချို့နဲ့ မော်တော်ယာဉ်အချို့ မြစ်ရေကြီးမှုအတွင်း မျောပါသွားခဲ့ပါတယ်။ မုန်တိုင်းကြောင့် မိုးရွာသွန်းမှုဆက်လက်ဖြစ်ပေါ်နေပြီး ရေကြီးမှုအန္တရာယ်ကြောင့် ဆန်အန်တိုနီယိုမြို့အပြင်ဘက် ရပ်ကွက်တွေကိုလည်း သတိပေးစောင့်ကြည့်မှုတွေ လုပ်ဆောင်နေရပါတယ်။

ရှာဖွေကယ်ဆယ်ရေးဝန်ထမ်းတွေက ရဟတ်ယာဉ်တွေ၊ ကယ်ဆယ်ရေးစက်လှေတွေ၊ ဒရုန်းတွေ အသုံးပြုပြီး ရေဘေးသင့်သူတွေကို ရှာဖွေကယ်ဆယ်မှုတွေလုပ်ဆောင်နေရသလို ဒေသအာဏာပိုင်တွေကလည်း ရေဘေးသင့်သူတွေကို ရှာဖွေကယ်ဆယ်နိုင်ဖို့ အချိန်နဲ့အမျှ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Guadalupe မြစ်ဟာ တက္ကဆက်ပြည်နယ်အလယ်ပိုင်း ဒေသတွင်း တောင်တန်းတွေကြား ဖြတ်သန်းစီးဆင်းနေတဲ့မြစ်တစ်ခုဖြစ်ပြီး အပန်းဖြေစခန်းအများအပြားရှိနေသလို ဒေသခံပြည်သူတွေနဲ့ မိသားစုအများအပြား လာရောက်အပန်းဖြေတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ရေကြီးမှုဖြစ်ပွားခဲ့တဲ့ ဇူလိုင် ၄ ရက် နေ့ဟာ အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ ဖြစ်ပြီး ဒီနေရာကို လာရောက်လည်ပတ်သူတွေ ပုံမှန်ထက် ပိုမိုများပြားခဲ့တဲ့အတွက် သေဆုံး၊ ပျောက်ဆုံးနေသူတွေအရေအတွက်ကို အတိအကျသိရဖို့ ခက်ခဲနိုင်တယ်လို့လည်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။
Ref: AP
コメント