top of page

"Operation Su"စစ်ဆင်ရေးအတွင်း ရဲနဲ့ပျူစောထီး ၆၅ ဦးဖမ်းမိ

  • Writer: BVJ
    BVJ
  • 2 days ago
  • 1 min read

BVJ_ဇွန် ၁၁၊ ၂၀၂၆

"Operation Su"စစ်ဆင်ရေးအတွင်း ဖမ်းမိသုံ့ပန်းတွေ
"Operation Su"စစ်ဆင်ရေးအတွင်း ဖမ်းမိသုံ့ပန်းတွေ

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ရေပြာရဲစခန်းနဲ့ကုက္ကိုစုပျူစခန်းကို အညာမြေစစ်ဆင်ရေး (Operation Su)အမည်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကစခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာမှာ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အလောင်း ၃၀ ကျော်နဲ့ စစ်သုံ့ပန်း ၆၅ ဦးဖမ်းမိခဲ့တယ်လို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ဇွန် ၁၀ရက် ညပိုင်းမှာထုတ်ပြန်ပါတယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လူထုအပေါ် ဦးဆောင်နိုင်မှုနဲ့ မတရားဖမ်းဆီး အကျဉ်းချခံရခြင်းကလွတ်မြောက်မှုတို့ကိုရည်ရွယ်ပြီး အညာမြေစစ်ဆင်ရေး (Operation Su)ကိုအရှိန်အဟုန်မြှင့်ကာ အခုလ၂ ရက်နေ့၊မနက် ၄:၃၀ နာရီမှာ ပခုက္ကူခရိုင်၊ပေါက်မြို့နယ်ရှိ ရေပြာရဲစခန်းနဲ့ကုက္ကိုစုပျူစောထီးရွာစခန်းတို့ကို တပြိုင်ထဲစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။


ထိုးစစ်အတွင်းစစ်အုပ်စုဘက်ကလည်း တံတားဦး၊ မကွေးနဲ့မိတ္ထီလာလေတပ်စခန်းတွေက တိုက်လေယာဉ် (Jet Fighter) ၉ စီး၊ စစ်ဘက်သုံးသယ်ယူပို့ဆောင်ရေးလေယာဉ် ၅ စီးတို့နဲ့ ဗုံးသီးအလုံးရေ ၂၇၀ ထက်မနည်း လေကြောင်းပစ်ကူပေးခြင်း၊ ကပစ (၂၄)ကနေ ၁၅၅ မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ၆ကြိမ်တိုင်တိုင် ပစ်ခတ်ခြင်းတို့နဲ့အပြင်းအထန်ခုခံခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဇွန် ၂ရက်၊နေ့လယ်မှာပဲ ရေပြာရဲစခန်းကိုရရှိခဲ့ပြီး ဇွန် ၄ရက်နေ့ညနေပိုင်းမှာတော့ ကုက္ကိုစုပျူကျေးရွာစခန်းကို အပြီးသတ်အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။


အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ အမျိုးသမီးနဲ့ကလေးသူငယ်တွေအပါအဝင် ပြည်သူ ၂၄၆ ဦးကိုကယ်တင်နိုင်ခဲ့သလို စစ်သား၊ ရဲနဲ့ပျူစောထီး အလောင်း ၃၀ ကျော်၊ စစ်သုံ့ပန်း ရဲနဲ့ပျူစောထီး ၆၅ ဦး၊ လက်နက်ချ အလင်းဝင်သူ ၆ ဦး၊ လက်နက်ငယ် ၅၅ လက်၊ လက်နက်ကြီး ၄ လက်၊ ကျည်မျိုးစုံ ၃၄၆၅ တောင့်တို့နဲ့စစ်အသုံးအဆောင်ပစ္စည်းတွေရရှိခဲ့တယ်လို့ထုတ်ပြန်ချက်အရ သိရပါတယ်။

"Operation Su"စစ်ဆင်ရေးအတွင်း ကယ်ထုတ်ခဲ့တဲ့ပြည်သူတွေ
"Operation Su"စစ်ဆင်ရေးအတွင်း ကယ်ထုတ်ခဲ့တဲ့ပြည်သူတွေ

လက်ရှိမှာ ကယ်တင်ခဲ့ရတဲ့ ပြည်သူ ၂၄၆ ဦးနဲ့ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းတွေကို ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒလမ်းညွှန်ချက်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းတွေနဲ့ လူ့အခွင့်အရေးဥပဒေတွေနဲ့အညီ စနစ်တကျ ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။


အခုစစ်ဆင်ရေးကို (ပကဖ) ရုံးချုပ်နဲ့မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီးတို့နဲ့ အနီးကပ်လမ်းညွှန်မှုနဲ့ မြိုင် ပကဖ ၊ ပခုက္ကူခရိုင် ပကဖ ၊ ပေါက် ပကဖတပ်ရင်း ၊ ပခုက္ကူ ပကဖ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် အမှတ် (၂ / ၆ / ၇ / ၁၂ / ၁၄ / ၁၇ / ၁၈) တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် (၄)၊ KG တပ်ဖွဲ့ ၊ BLY တပ်ဖွဲ့ ၊ YRF တပ်ဖွဲ့ ၊ PLC တပ်ပေါင်းစု ၊ အညာမြေတပ်ပေါင်းစု ၊ PDO/PDA တပ်၊ကမ္မတပ်ပေါင်းစု + ပြည်သူ့လုံခြုံရေးအင်အားစု (ကမ္မ)၊ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ဆေးတပ်ဖွဲ့နဲ့တော်လှန်ရေးပြည်သူတွေ စည်းလုံးညီညွတ်စွာဆင်နွှဲခဲ့တာဖြစ်ကြောင်းနဲ့ စစ်ဆင်ရေးတိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တဲ့တော်လှန်ရေးရဲဘော်တွေရှိတယ်လို့လည်း သိရပါတယ်။


လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ မိဘပြည်သူတွေအနေနဲ့လည်း စစ်ရေးအသိ၊သတိအပြည့်နဲ့ မြေပြင်သတင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေထိုင်ကြဖို့ဆိုပြီးလည်း မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီးဌာနကတိုက်တွန်းထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page