မာဒူရိုကိုဖမ်းဆီးခဲ့တဲ့ "Operation Absolute Resolve" စစ်ဆင်ရေး
- BVJ

- Jan 5
- 1 min read
BVJ_ဇန်နဝါရီ ၄၊ ၂၀၂၆

အမေရိကန်သူလျှိုတွေက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုရဲ့လှုပ်ရှားမှုတွေကို လပေါင်းများစွာစောင့်ကြည့်ခဲ့ပါတယ်။
ဗင်နီဇွဲလားအစိုးရထဲက သတင်းရင်းမြစ်တစ်ခုအပါအဝင် အဖွဲ့ငယ်တစ်ခုဟာ အသက် ၆၃နှစ် မာဒူရို အိပ်တဲ့ပုံစံ၊ အစားအသောက်၊ အဝတ်အစားဝတ်တဲ့ပုံစံတွေကို စောင့်ကြည့်လေ့လာခဲ့တာတင်မက မာဒူရိုရဲ့အိမ်မွေးတိရစ္ဆာန်တွေရဲ့ အခြေအနေတွေကိုပါစောင့်ကြည့်ခဲ့ကြတယ်လို့ အမေရိကန် ထိပ်တန်းစစ်ဘက်အရာရှိတွေရဲ့ အပြောအရ သိရပါတယ်။
"Operation Absolute Resolve"
အဲ့ဒီနောက် ဒီဇင်ဘာလအစောပိုင်းမှာ "Operation Absolute Resolve" လို့ အမည်ပေးထားတဲ့ မစ်ရှင်တစ်ခုကိုစတင်နိုင်ဖို့ လေ့ကျင့်မှုတွေကိုအပြီးသတ်ပြုလုပ်ခဲ့ပါတယ်။ဒီမစ်ရှင်ကိုစတင်ဖို့ လပေါင်းများစွာသေချာစီစဥ်၊လေ့ကျင့်တာတွေလုပ်ခဲ့ကြပြီး အဲ့ဒီထဲမှာမာဒူရိုရဲ့ ကာရာကတ်စ်မြို့က အိမ်အရွယ်အစား ပုံစံတူအဆောက်အဦးထဲ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းတာတွေ လက်တွေ့လေ့ကျင့်မှုလည်းပါဝင်ပါတယ်။
လက်တင်အမေရိကမှာ အရင်ကမမြင်ဖူးတဲ့ အမေရိကန်ရဲ့ထူးခြားတဲ့စစ်ရေးဝင်ရောက်စွက်ဖက်မှုတစ်ခုဖြစ်တဲ့ အဲ့ဒီမစ်ရှင်နဲ့ပတ်သက်ပြီး ထရမ့်အစိုးရအဖွဲ့က ကွန်ဂရက်လွှတ်တော်ကိုကြိုတင်အသိပေးတာ သို့မဟုတ် တိုင်ပင်ဆွေးနွေးတာတွေလည်းမပြုလုပ်ခဲ့ပါဘူး။ တိကျတဲ့အသေးစိတ်အချက်အလက်တွေချမှတ်ပြီး အမေရိကန်ထိပ်တန်းစစ်ဘက်အရာရှိတွေက စစ်ဆင်ရေးစတင်ဖို့ အကောင်းဆုံးအခြေအနေ အချိန်တစ်ခုကိုစောင့်ဆိုင်းခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကခွင့်ပြုချက်မပေးခင် လေးရက်အလိုမှာ မှားယွင်းတဲ့စတင်မှုတစ်ခုရှိခဲ့ပေမယ့် ရာသီဥတုပိုကောင်းလာပြီး မိုးတိမ်တွေ နည်းပါးလာတဲ့အထိ စောင့်ဆိုင်းဖို့ရွေးချယ်ခဲ့ကြပါတယ်။
"ခရစ္စမတ်နဲ့နှစ်သစ်ကူးကာလတလျှောက် ရက်သတ္တပတ်အတွင်းမှာ အမေရိကန်စစ်တပ်က အမျိုးသား၊အမျိုးသမီးတွေဟာ ဒီမစ်ရှင်ကိုစတင်ဖို့ သမ္မတက အမိန့်ပေးတာကို စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းခဲ့ကြတယ်"လို့ အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံးစစ်ဘက်အရာရှိ ဗိုလ်ချုပ်ကြီးဒန်ကိန်းက စနေနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မစ်ရှင်စတင်ဖို့မီးစိမ်းပြလိုက်တဲ့ အမေရိကန်သမ္မတဆီကအမိန့် နယူးယောက်စံတော်ချိန် သောကြာနေ့ ည ၁၀နာရီ ၄၆မိနစ်၊ဂရင်းနစ်စံတော်ချိန် စနေနေ့ မနက်၃နာရီ၄၆မိနစ်မှာ ရောက်လာခဲ့ပါတယ်။
မစ်ရှင်စပြီဆိုတာနဲ့ သမ္မတဒေါ်နယ်ထရမ့်က "ကျေးဇူးတင်ပါတယ်... ကံကောင်းကြပါစေ"လို့ဆုတောင်းပေးတဲ့အကြောင်း ဗိုလ်ချုပ်ကြီး ကိန်းက ပြောပါတယ်။ စစ်ဆင်ရေးစဖို့ ထရမ့်အမိန့်က ကာရာကတ်စ်မြို့ သန်းခေါင်ယံ မတိုင်မီမှာရောက်လာတာဖြစ်ပြီး၊ အထူးတပ်ဖွဲ့ဝင်တွေကဒီစစ်ဆင်ရေးကို အရင်ကစစ်ဆင်ရေးတွေလိုပဲ ညအမှောင်ထဲမှာပဲစခဲ့ရပါတယ်။

အဲ့ဒီကနေ ဝါရှင်တန်နဲ့ကမ္ဘာတဝှမ်းကလူတွေ အံ့အားသင့်သွားစေမယ့် လေကြောင်း၊ ကုန်းလမ်း၊ ရေလမ်းတို့ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ နှစ်နာရီနဲ့နှစ်ဆယ်မိနစ်ကြာ ကြည်း၊ရေ၊လေပူးပေါင်းမစ်ရှင်တစ်ခု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
အတိုင်းအတာနဲ့တိကျမှုအရ ဒီမစ်ရှင်ဟာမကြုံစဖူးဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ဒေသတွင်းအင်အားကြီးနိုင်ငံများစွာရဲ့ ရှုတ်ချမှုတွေ ချက်ချင်းထွက်ပေါ်လာခဲ့ပြီး ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားက ဗင်နီဇွဲလားခေါင်းဆောင်ကို အကြမ်းဖက်ဖမ်းဆီးခြင်းသည် "နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးအတွက် အလွန်အန္တရာယ်များသော နောက်ထပ်ရှေ့ပြေးနမူနာတစ်ခု"လို့ မှတ်ချက်ပေးခဲ့အထိ ဖြစ်ခဲ့ပါတယ်။
ကာရာကတ်စ်မှ မန်ဟက်တန်အထိ
ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကတ်စ်ကနေ မိုင် ၂၁၀၀ (ကီလိုမီတာ ၃၄၀၀) ခန့်ဝေးတဲ့ အမေရိကန်နိုင်ငံ၊နယူးယောက်မြို့ကအချုပ်ခန်းထဲကို နီကိုလတ်စ် မာဒူရိုနဲ့သူ့ဇနီးတို့ ရောက်နေပါပြီ။
မာဒူရိုတို့လင်မယားကို ကာရာကတ်စ်မြို့နေအိမ်ကနေ ကာရစ်ဘီယံပင်လယ်ထဲမှာတပ်စွဲထားတဲ့ အမေရိကန်စစ်သင်္ဘော USS Iwo Jima ဆီ ရဟတ်ယာဉ်နဲ့ ဖမ်းခေါ်သွားပါတယ်။ မနက်၄နာရီ၂၉မိနစ်မှာ စစ်သင်္ဘောပေါ်ကိုသူတို့ရောက်လာကြောင်း ကြည်း၊ရေ၊လေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကိန်းက အတည်ပြုပါတယ်။

လက်ထိပ်ခတ်ခံထားရပြီး မျက်မှန်အမည်းရောင်နဲ့နားကြပ်တပ်ထားတဲ့ မာဒူရိုရဲ့ဓာတ်ပုံဟာ အဲ့ဒီစစ်သင်္ဘော USS Iwo Jima ပေါ်မှာရိုက်ထားတာဖြစ်ပါတယ်။ စစ်သင်္ဘော USS Iwo Jima ပေါ်ကနေ Guantánamo Bayက အမေရိကန်ရေတပ်စခန်းကို မာဒူရိုတို့လင်မယားကိုလေယာဉ်နဲ့ပထမဆုံးတင်ခေါ်သွားပါတယ်။
အဲ့ဒီကနေ အမေရိကန် အစိုးရလေယာဉ်နဲ့ နယူးယောက်ပြည်နယ်က Stewart Air National Guard Base ကို ပို့ဆောင်ခဲ့ပြီးနောက် ရဟတ်ယာဉ်နဲ့ မန်ဟက်တန်က အချုပ်ခန်းထဲမှာ ထည့်ထားပါတယ် ။
ဗင်နီဇွဲလားသမ္မတကိုဖမ်းဆီးမယ့်စစ်ဆင်ရေးကို လပေါင်းများစွာစီစဉ်ခဲ့ရကြောင်း အမေရိကန်ကပြောကြားခဲ့ပေမယ့် ဒေါ်နယ်ထရမ့်အမိန့်ပေးချိန်ကနေ "Operation Absolute Resolve" စစ်ဆင်ရေးက မိနစ် ၁၅၀ ခန့်သာကြာခဲ့ပါတယ်။
ခရက်ဒစ်-BBC







Comments