Open Dialogueအမည်ခံ စစ်အုပ်စုဝါဒဖြန့်ချီပွဲကို ပူးပေါင်းကန့်ကွက်ဆန္ဒပြကြဖို့ လန်ဒန်အခြေစိုက်အဖွဲ့နှစ်ဖွဲ့ ဖိတ်ခေါ်နေ
- BVJ

- 3 days ago
- 1 min read
အေတီ/BVJ_မေ ၁၁၊ ၂၀၂၆

နိုင်ငံတကာအသိအမှတ်ပြုရရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားနေတဲ့ အာဏာသိမ်းစစ်အုပ်စုက လန်ဒန်ကမြန်မာသံရုံးမှာ "Open Dialogue on Myanmar”လို့အမည်ပေးထားတဲ့ ဆွေးနွေးပွဲတစ်ခုကို မေလ ၁၄ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။
အဲ့ဒီဆွေးနွေးပွဲဟာ နိုင်ငံတကာအသိအမှတ်ပြုရရေးအတွက် စစ်အုပ်စုရဲ့ဝါဒဖြန့်ချီခြေလှမ်းတစ်ခုဖြစ်တာကြောင့် လန်ဒန်အခြေစိုက် Burma Campaign Uk အဖွဲ့နဲ့ Stars of Myanmar Friendshipအဖွဲ့တို့က ပူးပေါင်းဆန့်ကျင်ဆန္ဒပြဖို့စီစဥ်ထားပါတယ်။ လန်ဒန်မြန်မာသံရုံးရှေ့မှာ လာမယ့်ကြာသပတေးနေ့ နေ့လယ်ပိုင်းပြုလုပ်မယ့် သူတို့ရဲ့ စစ်အုပ်စုဆန့်ကျင်ရေးဆန္ဒပြပွဲကို လာရောက်ပူးပေါင်းကြဖို့အတွက်လည်း နှစ်ဖွဲ့လုံးကဖိတ်ခေါ်ထားပါတယ်။
အချိန်နဲ့အမျှပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေ ပိုမိုနားလည်သဘောပေါက်စေဖို့၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ပဋိပက္ခဖြေရှင်းမှု၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတို့ကို ရှုထောင့်အသီးသီးကအကြံပြုချက်တွေနဲ့အယူအဆတွေကို ပွင့်လင်းမြင်သာစွာနှီးနှောဖလှယ်နိုင်ဖို့၊ ဒီဆွေးနွေးပွဲရဲ့ ရလဒ်တွေက မြန်မာနိုင်ငံကိုငြိမ်းချမ်းပြီး ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရေးမှာ များစွာအထောက်အကူပြုမယ်လို့ယူဆကြောင်း Open Dialogue on Myanmar”ပွဲဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်အဖြစ် လန်ဒန်မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
စစ်အုပ်စုလက်အောက်ခံ လန်ဒန်မြန်မာသံရုံးမှာကျင်းပမယ့် အဲ့ဒီပွဲဟာ Open Dialogueလို့အမည်ခံထားပေမယ့် စစ်အုပ်စုရဲ့ဝါဒဖြန့်ချီရေးပွဲလို့ BCUK အဖွဲ့တာဝန်ရှိသူ ကိုမင်းတင့်ဗိုလ်က သူတို့အဖွဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
“မြန်မာပြည်ထဲမှာကျတော့ ပွင့်လင်းတဲ့လွတ်လပ်စွာပြောဆိုခွင့်တွေပိတ်ပင်ထားပြီး ယူကေမှာကျတော့ပွင့်လင်းတဲ့ဆွေးနွေးပွဲဆိုတာမျိုး လာလုပ်ဖို့ ကြိုးစားတာပါ။ ဒီပွဲကဆွေးနွေးပွဲလို့ပြောလို့မရပါဘူး၊ စစ်အုပ်စုရဲ့ဝါဒဖြန့်ချီမှုတွေလမ်းဖွင့်ပေးတဲ့ပွဲပါ။ အဲ့ဒါကြောင့်ဖိတ်ကြားခံရတဲ့ တက်ရောက်မယ့်သူတွေအနေနဲ့ ဒီပွဲကိုသပိတ်မှောက်သင့်ပါတယ်”
မြန်မာပြည်ထဲမှာ လွတ်လပ်စွာပြောဆိုခွင့်ပိတ်ပင်ခံထားရပြီး နိုင်ငံရေးအကျဉ်းသား ၁၄,၀၀၀ လောက် အကျဉ်းထောင်တွေထဲမှာရှိနေသေးတဲ့အချက်ကိုလည်း BCUKအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာတွေ့ရပါတယ်။

BCUKအဖွဲ့နဲ့အတူ ဆန္ဒပြပွဲကိုဦးဆောင်မယ့် Stars of Myanmar Friendship( SMFC)အဖွဲ့တည်ထောင်သူ မဂျူလီခိုင်ကလည်း ဒီဆွေးနွေးပွဲဟာ Open Dialogue ဆိုတဲ့စကားလုံးနဲ့မထိုက်တန်ကြောင်း BVJ ကိုပြောပါတယ်။
“ဘယ်သူတွေ သူတို့ဖိတ်ထားလဲတော့ကျွန်မတို့မသိဘူး။ နေ့စဥ်အမျှအပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲ ၊ အိမ်တွေကိုမီးရှို့၊ လူတွေကိုဖမ်းဆီးထောင်ချ၊လူတွေကို နည်းမျိုးစုံနဲ့သတ်ဖြတ်နေတဲ့ လူသတ်သမားတွေနဲ့ Open Dialogue မီတင်ဆိုတဲ့ စကားလုံးကလုံးဝမထိုက်တန်ပါဘူး။တကယ်တော့ သူတို့ကလူသတ်သမားတွေပါ။ ဒီဆွေးနွေးပွဲကို ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ မြန်မာပြည်သူလူထုကိုယ်စား ဒီဆွေးနွေးပွဲကို ကျွန်မတို့ကအပြင်းအထန်ကန့်ကွက်ပါတယ်”
လန်ဒန်၊မြန်မာသံရုံးမှာလုပ်မယ့် မေလ၁၄ရက်နေ့ပွဲကို စစ်အုပ်စုက Open Dialogueလို့ အမည်တပ်ထားပေမယ့် အဲ့ဒီပွဲနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိတရားဝင်ထုတ်ပြန်ထားတာတွေလည်း အခုထိမတွေ့ရသေးပါဘူး။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ အရပ်သားအစိုးရလက်ထဲက အာဏာလုယူခဲ့တဲ့ စစ်အုပ်စုဟာ ငါးနှစ်အကြာမှာ အတုအယောင်ရွေးကောက်ပွဲလုပ်ပြီးတော့ အတုအယောင်လွှတ်တော်တွေကတဆင့် အရပ်သားအမည်ခံအစိုးရတစ်ခု ဖွဲ့စည်းခဲ့ပေမယ့် အာဆီယံအဖွဲ့အပါအဝင် နိုင်ငံတကာရဲ့ထောက်ခံမှုကို အခုအချိန်အထိမရရှိသေးပါဘူး။




Comments