ညောင်လေးပင်မြို့နယ် တောဝိရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးပြီး ၃ ဦးကို ဖမ်းဆီးရမိ
- BVJ

- Jun 25
- 1 min read
BVJ/အိုင်းရစ် _ ဇွန် ၂၅ ၊ ၂၀၂၅

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် တောဝိရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်ဝင်ဒေါင်းတပ်ရင်းနဲ့ တောကျီကန်းတပ်ရင်းတို့က ဒီနေ့မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၃ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ညောင်လေးပင်မြို့နယ်မြောက်ဘက် ၅ မိုင်ခန့်အကွာ ရန်ကုန်-မန္တလေးရထားလမ်းနံဘေးမှာရှိတဲ့ တောဝိရွာမှာ စစ်ကောင်စီ အမှတ် ၂၀ ခြေမြန်တပ်ရင်း (ခမရ) လက်အောက်ခံ စစ်ကောင်စီတပ်သားနဲ့ ရဲတွေက အင်အား ၅၀ ဝန်းကျင်နဲ့ တပ်စွဲအထိုင်ချထားတာလည်း ဖြစ်ပါတယ်။
အဲဒီတပ်စခန်းကို တော်ဝင်ဒေါင်းတပ်ရင်းနဲ့ တောကျီးကန်းတပ်ရင်းတို့က ဒီနေ့ ဇွန် ၂၅ ရက် မနက် ၁ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၂ နာရီဝန်းကျင်မှာ တပ်စခန်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သလို ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
“ခမရ ၂၀ လက်အောက်ခံ စစ်သားနဲ့ရဲတွေပါ။ လေကြောင်းကနေ ပစ်ကူပေးတာမျိုးမရှိပေမဲ့ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ကူပေးတာမျိုးတော့ ရှိပါတယ်” လို့ Royal Peacock Column တပ်ရင်း တာဝန်ရှိသူတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တာကြောင့် တပ်စခန်းအတွင်းက လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တော်ဝင်ဒေါင်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၂၆ ရဲ့ ကွပ်ကဲမှုနဲ့ ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၈ ရက်ကလည်း ပဲခူးမြို့ ဇီးတောရွာမှာရှိတဲ့ စစ်ကောင်စီရှေ့တန်းကာကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၇၀၁) တပ်ရင်းက ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကာ ကာကင်းစခန်းကိုလည်း ရှင်းလင်းဖျက်ဆီးနိုင်ခဲ့ပါသေးတယ်။







Comments