အုတ်ဖိုမြို့နယ်က လူငယ်တွေကိုလိမ်လည်ပြီး စစ်မှုထမ်းစုဆောင်းပေးနေသူတစ်ဦး ဒေသခံ PDF တပ်ဖွဲ့ရဲ့ ပစ်ခတ်ခံရ
- BVJ

- Sep 8
- 1 min read
BVJ/ဇော် - စက်တင်ဘာ ၇၊ ၂၀၂၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ထဲက လူငယ်တွေကို မှတ်ပုံတင်လုပ်ပေးမယ်ဆိုပြီး လိမ်လည်ကာ စစ်တပ်ထဲထည့်ခဲ့တဲ့ စစ်အုပ်စုသတင်းပေးကိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၆ Black Dragon GBK-PDF က ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အုတ်ဖိုမြို့နယ်၊ ဖလန်ပင်အုပ်စု၊ ဖလန်ပင်ကျေးရွာက စစ်တပ်သတင်းပေး မြင့်ရွှေဆိုသူကို ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ ညနေ ၆ နာရီခွဲခန့်မှာအိမ်ပြင်ခေါ်ထုတ်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တော်လှန်ရေးရဲဘော်တွေရဲ့ သွားလာလှုပ်ရှားနေတာတွေကို စစ်အုပ်စုဘက် သတင်းပေးပို့နေတာတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေကို ဂရုမစိုက်စိန်ခေါ်နေတာတွေနဲ့ လူငယ်တွေကိုစစ်တပ်ထဲလိမ်လည်ရောင်းစားနေတာတွေကြောင့် ရှင်းလင်းခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“မြင့်ရွှေကိုရှင်းဖို့သွားတော့ လင်မယားနှစ်ယောက် မြေးနှစ်ယောက်နဲ့အတူအိမ်ထဲမှာရှိနေလို့ သူ့ကို အိမ်အပြင်ခေါ်ထုတ်ရှင်းခဲ့တာပါ။ သူက လူငယ် ၂ ယောက်ကိုမှတ်ပုံတင်လုပ်ပေးမယ်လို့ လိမ်ခေါ်သွားပြီး စစ်တပ်ထဲထည့်ပစ်တာ။ သူ့ကြောင့်လူငယ်တွေ အဖမ်းခံရတာလည်းရှိတယ်။ နောက်ပြီး ဘယ်အဖွဲ့အစည်းလာလာ ဂရုမစိုက်ဘူးဆိုပြီး စိန်ခေါ်တယ်။တော်လှန်ရေးအဖွဲ့သတင်းတွေ စစ်အုပ်စုဆီပို့လို့ တခြား PDF အဖွဲ့ တစ်ခုကတောင် သူ့ကိုသတိပေးခဲ့ဖူးတယ်” လို့ ကြို့ပင်ကောက် PDF တပ်ခွဲမှူး ရိုးမနဂါးက Burma VJ ကိုပြောပါတယ်။
ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်အုပ်စုနဲ့ ထောက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုအနီးမှာ သွားလာနေထိုင်တာမလုပ်ဖို့ကို ကြို့ပင်ကောက် PDFတပ်ဖွဲ့က အသိပေးကြေညာထားပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဇွန်လမှာလည်း တော်လှန်ရေးရဲဘော်တွေရဲ့သွားလာလှုပ်ရှားမှုတွေကို စစ်အုပ်စုဆီ သတင်းပေးနေတဲ့ ကြို့ပင်ကောက်မြို့နယ်၊ မှန်ပင်ထူးကျေးရွာက စစ်တပ်သတင်းပေး ကိုမိုးဆိုသူကို ကြို့ပင်ကောက် PDF က ပစ်ခတ်ရှင်းလင်းခဲ့တာလည်း ရှိပါသေးတယ်။







Comments