UGရဲဘော်တွေကို အရပ်သားထင်ပြီးပေါ်တာဆွဲဖမ်းဖို့ကြိုးပမ်းတဲ့ အရာခံဗိုလ်နဲ့တပ်ကြပ်ကြီး ပစ်ခတ်ခံရပြီးသေဆုံး
- BVJ

- Aug 8
- 1 min read
ဇော်/BVJ_ ဩဂုတ် ၈၊ ၂၀၂၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ရွာအနီးမှာ PDF တွေကို အရပ်သားပြည်သူထင်ပြီး စစ်မှုထမ်းပေါ်တာဆွဲဖို့ကြိုးစားခဲ့တဲ့ စစ်ကောင်စီအရာခံဗိုလ် (၁) ဦးနဲ့ တပ်ကြပ်ကြီး (၁) ဦးတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း၊ ၃၈၀၂ တပ်ခွဲ ၄၊ မြေအောက်ပျောက်ကြားတပ်ဖွဲ့-အုတ်ဖို (UGF-OKPO) က ဒီနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မနေ့ ဩဂုတ်လ ၇ ရက်နေ့ မနက် ကိုးနာရီဝန်းကျင်မှာ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခြေမြန်တပ်ရင်း (၆) ကနေ အုတ်ဖိုတာဆုံဘက်ကိုအရပ်ဝတ်နဲ့ထွက်လာတဲ့ အရာခံဗိုလ် လှကျော်နဲ့ တပ်ကြပ်ကြီး ညီညီမိုးတို့က အရပ်သားပြည်သူတွေအထင်နဲ့ UGF(OKPO) ရဲဘော်တွေကို စစ်မှုထမ်း ပေါ်တာဆွဲဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။
“ခမရ (၆) တိမ်မြုပ်နဲ့ သဖန်းပင်ဆိပ်ရွာ ဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာဖြစ်တာပါ။ မနေ့က ကျွန်တော်တို့ရဲဘော်တွေ ကိစ္စတစ်ခုနဲ့ အဲ့ဘက်ကိုသွားတာ။ အဲ့ဒီမှာ သူတို့ နှစ်ယောက်က ဆိုင်ကယ်ရပ်ခိုင်းပြီး မင်းတို့ဘယ်ကလဲ၊ တိုင်းပြည်အတွက် မင်းတို့ စစ်မှုထမ်းဖို့ ဘာညာပြောတာပေါ့။ အဲ့ဒါ စစ်သားမှန်းသိတာနဲ့ သေနတ်ထုတ်ပြီးပစ်ခဲ့လိုက်တာပါ” လို့ မြေအောက်ပျောက်ကြားတပ်ဖွဲ့-အုတ်ဖိုက ရဲဘော်အောင်ဇေယျက Burma VJ ကို ပြောပါတယ်။
ပေါ်တာဆွဲဖို့ကြိုးစားတဲ့ (၂) ဦးကို တော်လှန်ရေးရဲဘော်တွေက သေနတ်နဲ့ ဦးခေါင်းကို ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင်သေဆုံးခဲ့ပြီး စစ်အုပ်စုအနေနဲ့ နေ့ညမပြတ်ပေါ်တာဆွဲလုပ်ဆောင်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။
“ရန်ကုန်-ပြည်လမ်း အနောက်ဘက်ခြမ်းတွေမှာဆို နေ့ညဆွဲနေတာ၊ မနေ့ကအထိတော့ အုတ်ဖိုမြို့နယ်မှာ ၁၆ ယောက်ရှိပြီလို့ သိရတယ်၊ နာမည်တွေ ရွာတွေတော့ မသိဘူးဗျ” လို့ ရဲဘော်အောင်ဇေယျက ပြောပါတယ်။

အခုစစ်ဆင်ရေးကို ရှစ်လေးလုံး (၃၇) နှစ်ပြည့် ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရည်ညွှန်းတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး သေဆုံးတဲ့သူတွေဆီက လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၂ လုံး၊ ငွေသားကျပ် ၂ သိန်း၊ စစ်မှုထမ်းကဒ် ၁ ခု၊ စစ်မှုထမ်းစိစစ်ရေးစာအုပ် ၁ အုပ်၊ မှတ်ပုံတင်ကဒ် ၁ ခု၊ လိုင်စင်ဓာတ်ပုံ ၆ ပုံတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို တိုက်ခိုက်သွားမှာဖြစ်တာကြောင့် စစ်အုပ်စုအနီးကို သွားလာနေထိုင်တာတွေမလုပ်ဖို့ကိုလည်း မြေအောက်ပျောက်ကြားတပ်ဖွဲ့ (အုတ်ဖို) က သတိပေးထားပါသေးတယ်။
ပုံစာ-ပတ်ခတ်ခံရပြီးသေဆုံးသွားတဲ့ အရာခံဗိုလ်နဲ့တပ်ကြပ်ကြီး







Comments