အုတ်ဖိုက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ဇနီးကို မြေအောက်တပ်ဖွဲ့ သေနတ်နဲ့ပစ်ရှင်း
- BVJ

- Jul 21
- 1 min read
BVJ/ယူဂရင်း_ ဇူလိုင် ၂၁၊ ၂၀၂၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကွေ့ချောင်းရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ဇနီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အုတ်ဖိုမြောက်ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ဇူလိုင် ၂၁ရက် နေ့လယ်မှာ အသိပေးထုတ်ပြန်ပါတယ်။
ကွေ့ချောင်းရပ်ကွက်ထိပ်ရှိ လမ်းမပေါ် မှာ ဒီနေ့မနက်အစောပိုင်း ၆နာရီခန့်မှာ ကွေ့ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲအောင်နဲ့ ဇနီး ဒေါ်ခင်မာရီတို့ကို ခေါင်းတည့်တည့်ကိုသေနတ်တချက်စီပစ် ရှင်းခဲ့တာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးနယ်မြေ-၂ဖြစ်တဲ့ ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဖော်ပြပါတယ်။
အခုပစ်ခတ်မှုကြောင့်သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဟာ စစ်ကောင်စီကပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုမဲထည့်ဖို့နဲ့ ပါတီထဲဝင်မယ်ဆိုရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်လို့ လူငယ်တွေကိုစည်းရုံးပြီး ပြည်သူတွေဆီကလည်း စစ်မှုထမ်းကြေးခြိမ်းခြောက်ကောက်ခံခြင်းတို့အပြင် လုံကြမ်းအဖွဲ့ခေါင်းဆောင်တာဝန်ယူကာ တော်လှန်ရေးအဖွဲ့တွေကို စုံစမ်းထောက်လှမ်းသတင်းပေးခြင်းတွေကိုလုပ်ဆောင်နေသူဖြစ်တယ်လို့ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အုပ်ချုပ်ရေးမှူးဦးရဲအောင်ရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး Burma VJက သီးခြားအတည်မပြုနိုင်ပေမယ့် ပစ်ခတ်ခံရမှုကမှန်ကန်ကြောင်းကိုတော့ အုတ်ဖိုဒေသခံတစ်ဦးက ပြောပါတယ်။
“ပစ်ခံရတာကဟုတ်တယ်။ အုပ်ကြီးတို့လင်မယားဆိုင်ကယ်နဲ့ထွက်လာတဲ့အချိန် လမ်းထိပ်မှာအပစ်ခံရတာ။ ဆိုင်ကယ်လည်းလဲ၊ လူတွေလည်းလဲပဲ။ ပြီးတော့ ဟိုဘက်က(စစ်အုပ်စု)လူတွေရောက်လာပြီး ခေါ်သွားတယ်ကြားတယ်။ သေတာကတော့သေချာမပြောနိုင်ပေမယ့် နှစ်ယောက်လုံးခေါင်းပစ်ခံရပြီး အတုံးအရုံးလဲကျကုန်တာ ခေါ်တာလည်း မ ပြီးခေါ်သွားတာဆိုတော့သေဖို့ပဲ များတယ်ထင်ပါတယ်”လို့ ဒေသခံက Burma VJကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးနဲ့ဇနီးဆီကနေ လက်ပစ်ဗုံး ၁ လုံး၊ ဖျူး ၁ ခု၊ ဖုန်း ၁ လုံး၊ မှတ်ပုံတင်ကတ် ၂ ခု၊ လုံကြမ်းကတ် ၁ ခု၊ ငွေသား ၈၅၀၀၀ကျပ် သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။







Comments