အုတ်ဖိုမြို့နယ်ထဲက စစ်ကောင်စီစစ်ကြောင်း ကိုတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်
- BVJ

- Oct 7
- 1 min read
စစ်ကောင်စီဘက်က ပါရာမော်တာနဲ့ ရွာတွေကိုပြန်တိုက်ခိုက်
BVJ/ဇော်_အောက်တိုဘာ ၅၊ ၂၀၂၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ကြို့ကိုးပင်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးခဲ့တယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅၊ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က မနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အင်အား (၁၅၀)ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့ စက်တင်ဘာ၃၀ ရက်နေ့ မနက်ဆယ်နာရီခွဲကနေ အောက်တိုဘာ ၁ ရက်နေ့ ည ၉ နာရီခန့်အထိ တိုက်ပွဲ(၄)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးမှုကို မျက်မြင်အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
“တိုက်ပွဲအတွင်း လက်နက်သိမ်းဆည်းရရှိခဲ့တာတော့ မရှိပါဘူး။ စစ်ကြောင်းထိုးလာတာက အုတ်ဖိုနဲ့ ကြို့ပင်ကောက်ကနေ ကြို့ကိုးပင်ကို ဦးတည်စစ်ကြောင်းထိုးလာတာပါ။ စကစကလာတာကတော့ နယ်မြေရှင်းလင်းရေးအတွက် လာခဲ့တာ။ ဒါပေမယ့်မရှင်းလင်းခင် ကြိုးကိုးပင်ထိမရောက်ဘဲ ကြို့ကိုးပင် မအူတန်းရွာကြားမှာတင်ပဲ ကျွန်တော်တို့ပူးပေါင်းတပ်တွေနဲ့တွေ့ပြီးတိုက်ခံလိုက်ရတော့ နောက်ကြောင်းပြန်ခေါက်သွားခဲ့တာပါ”လို့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ ၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲမေအဏ္ဏဝါက Burma VJ ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာအထိနာခဲ့တဲ့အတွက် အောက်တိုဘာ ၁ ရက်နေ့မှာ စက်တပ်လေထီး ပါရာမော်တာ(၆)စီးနဲ့ မအူတန်းရွာထိပ်၊ ကြို့ကိုးပင်ရွာထိပ်၊ ကြို့ကိုးပင်ဘုန်းကြီးကျောင်းတို့ကို အဓိကထားပြီး (၉) ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် မအူတန်းရွာနဲ့ ကြို့ကိုးပင်ရွာက ပြည်သူတွေအနေနဲ့ နေအိမ်စွန်ခွာပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေခဲ့ရတယ်လို့ ရဲမေ အဏ္ဏဝါက ဆက်ပြောပါတယ်။
အခုတိုက်ခိုက်မှုကိုတော့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း တပ်ခွဲ (၅) ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့၊ သာယာဝတီခရိုင် အမှတ် (၂) တပ်ရင်း တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ (UGF-Okpo) ၊ တပ်ခွဲ (၆) Black Dragon – GBK တပ်ဖွဲ့၊ သာယာဝတီခရိုင် အမှတ် (၂) တပ်ရင်း တပ်ခွဲ (၅)၊ သာယာဝတီခရိုင် ပ.က.ဖ အမှတ် (၁) တိုက်ခိုက်ရေးတပ်ရင်း တပ်ခွဲ (၃)၊ သာယာဝတီခရိုင် ပ.က.ဖ ဒရုန်းတပ်ဖွဲ့ (Tharyarwaddy District UAV Force)၊ ဇီးကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်







Comments