နောင်ချို လက်မလွှတ်ရဖို့ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ TNLA ပူးပေါင်းကာကွယ်နေ
- BVJ

- Jul 5
- 1 min read
BVJ _ ဇူလိုင် ၅ ၊ ၂၀၂၅

တအာင်းတပ်မတော် (TNLA) နဲ့ မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီး ခုခံကာကွယ်နေတဲ့အတွက် နောင်ချိုမြို့ လက်လွှတ်ရမယ့်အခြေအနေမျိုးမရှိသေးဘူးလို့ ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး (PSLF/TNLA) က ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
နောင်ချိုမြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့အနီး မျက်ချီးနုရွာ၊ နောင်လင်ရွာ၊ နောင်အော်ရွာနားအထိရောက်လာနေပါတယ်။ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်း နေ့စဉ်နီးပါး လုပ်ဆောင်နေပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် စစ်ကောင်စီနဲ့ PSLF/TNLA ကြား တွေ့ဆုံမှုတွေရှိနေခဲ့ပြီး လာမယ့်ဩဂုတ်လအတွင်းမှာလည်း ထပ်မံတွေ့ဆုံဖို့ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တွေ့ဆုံခဲ့ကြတုန်းကလည်း နောင်ချိုမြို့အပါအဝင် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ကို ပြန်လည်လွှဲပြောင်းပေးဖို့ စစ်ကောင်စီက တောင်းဆိုခဲ့တာကြောင့် ဆွေးနွေးမှုမပြေလည်ခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့ပါတယ်။
“စစ်ကောင်စီက သူကိုယ်တိုင် အပစ်ရပ်ကြေညာပြီး ထိုးစစ်ဆင်မှုတွေလုပ်နေတာ၊ စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတာတွေ ရှိတယ်။ တစ်ဖက်နဲ့တစ်ဖက် ဖိအားအရ အပစ်ရပ်ထုတ်ပြန်တာတွေရှိပေမဲ့ တကယ့်မြေပြင်မှာက အပစ်ရပ်တာမျိုးမရှိဘဲ တိုက်ပွဲက ပိုပြင်းထန်နေတယ်။ ကျွန်မတို့က လတ်တလော မိမိကိုယ်ကိုမိမိ ခုခံကာကွယ်ခွင့်အခြေအနေနဲ့ပဲ ရပ်တည်နေပြီး နောင်ချိုကို ခုခံကာကွယ်နေတာလည်း ဖြစ်ပါတယ်” လို့ PSLF/TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
လာမယ့်ဩဂုတ်လမှာကျင်းပမယ့် တွေ့ဆုံဆွေးနွေးမှုဟာလည်း ဘယ်လောက်ထိ သက်ရောက်မှုရှိမလဲဆိုတာမပြောနိုင်သေးပေမယ့် TNLA ထိန်းချုပ်ဒေသအတွင်းက ဒေသခံပြည်သူလူထုတွေရဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် နှစ်ဖက်အပစ် အခတ်ရပ်စဲရေး လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ မလွေးယေဦးက ဖြည့်စွက်ပြောပါတယ်။







Comments