ကိုးနှစ်အရွယ်မိန်းကလေးအား သက်ငယ်မုဒိမ်းမှုကျူးလွန်သတ်ဖြတ်ခဲ့တဲ့ သံသယရှိသူ ၈ ဦးကို AA ဖမ်းဆီးထား
- BVJ

- Jun 7, 2025
- 1 min read
BVJ/ထက်အောင် _ ဇွန် ၇ ၊ ၂၀၂၅

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပြိုရွာက အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သက်ငယ်မုဒိမ်းမှုကျူးလွန်သတ်ဖြတ်ခဲ့တဲ့ သံသယရှိသူ ၈ ဦးကို ဖမ်းဆီးထားပြီး တရားစွဲတင် ပြစ်ဒဏ်ပေးနိုင်ရေး လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် (AA) သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အခု ဇွန် ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့တယ်လို့ သံသယရှိသူတွေကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS) က ဖမ်းဆီးထားတာဖြစ်ပြီး မင်းပြားမြို့မစခန်းမှာ (ပ)၆၀/၂၀၂၅ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ နဲ့ တရားစွဲတင် ပြစ်ဒဏ်ပေးနိုင်ရေးကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်က သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသူ မိန်းကလေးကို ကျူးလွန်သူတွေက သတ်ဖြတ်ခဲ့ပြီး သူမရဲ့အလောင်းကို ဖားပြိုရွာအနီး သစ်ပင်မှာ ကြိုးဆွဲချပုံစံ တွဲလောင်းချည်ထားခဲ့တာဖြစ်တယ်လို့ ရခိုင်ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြထားပါတယ်။

ဖားပြိုရွာက မိန်းကလေးငယ် သက်ငယ်မုဒိမ်းမှုကျူးလွန်ခံရကာ သတ်ဖြတ်ခံခဲ့မှုနဲ့ပတ်သက်ပြီး ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၁၁ ဖွဲ့ကလည်း ပြီးခဲ့တဲ့ မေလ ၁၁ ရက်မှာ ထုတ်ပြန်ထားပြီး အပြစ်မဲ့မိန်းကလေးငယ်အပေါ် လူမဆန်စွာ ကြောက်စရာကောင်းတဲ့လုပ်ရပ် ကျူးလွန်သူတွေကို ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်မရှိဘဲ ဥပဒေအောက်မှာ အကြီးမားဆုံးပြစ်ဒဏ်တွေနဲ့ အရေးယူပေးဖို့နဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေအတွက် တရားမျှတမှုရရှိဖို့နဲ့ နောက်နောင် အခုလိုမဖြစ်ပွားရအောင် ထိထိရောက်ရောက် ကာကွယ်တားဆီးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူ ၈ ဦးကို DLEPS က ဖမ်းဆီးရမိနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့တဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ဦးခိုင်သုခက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။




Comments