ညောင်လေးပင်တိုက်ပွဲအတွင်းဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို KNUပြန်လွှတ်ပေး
- BVJ

- Aug 4
- 1 min read
ယူဂရင်း/BVJ_သြဂုတ် ၄၊ ၂၀၂၅

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မူးမြို့နယ်နဲ့လယ်ဒိုကျေးရွာတို့က တိုက်ပွဲတွေအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်း ၂၆ယောက်ထဲက နေရပ်ပြန်လိုသူတွေကိုပြန်လွှတ်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNUက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
မူးမြို့နယ် တောင်စုကျေးရွာမှာ စစ်ကြောင်းထိုးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနဲ့ ပူးပေါင်းတပ်တို့က ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ရာကနေ လက်နက်ခဲယမ်းအများအပြားနဲ့စစ်သုံ့ပန်း ၂၃ယောက်ကို ဖမ်းမိခဲ့သလို လယ်ဒိုမြို့နယ်၊ စီမံအုပ်ချုပ်နယ်မြေ တော်ဝိကျေးရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်း လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်း ၃ယောက်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲနှစ်ခုက ဖမ်းမိတဲ့ စစ်သုံ့ပန်း ၂၆ယောက်ကို တပ်ရင်း(၉)မှာ စစ်စည်းကမ်းဥပဒေနဲ့အညီ ထိန်းသိမ်းခဲ့ပြီး အိမ်ပြန်လိုသူတွေကိုပြန်ပို့ပေးပြီး လုံခြုံရေးအရပြန်လို့မရတဲ့သူတွေ၊ မပြန်ချင်တဲ့သူတွေကို အလုပ်အကိုင်ရှာဖွေပေးကာ ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ KNUက ဖော်ပြပါတယ်။
အခုဖမ်းမိတဲ့သူတွေထဲမှာ စစ်မှုထမ်းသက်တမ်းပြည့်စစ်သားတွေလဲ ပါဝင်သလို အများစုကတော့ မတရားစစ်မှုထမ်းခံရသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

KNUဟာဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်းနဲ့ စစ်ကောင်စီက လူမှုကွန်ရက်မှာသတင်းအမှားတွေဝါဒဖြန့်နေတာကို သတိထားဖို့ကိုလည်း KNUက သတိပေးထားပါသေးတယ်။
ပုံစာ-စစ်သုံ့ပန်းတွေကိုကောင်းမွန်စွာထားရှိကြောင်း KNUဖော်ပြထားပုံ(ဓါတ်ပုံ-KNU)







Comments