NUGအပေါ် တရုတ်အမြင်စောင်းနေတာကြောင့် တရုတ်အကျိုးစီးပွားထိခိုက်စေမယ့် ရန်သူမဟုတ်ကြောင်းပြသဖို့ ယာယီသမ္မတ မှာ
- BVJ

- May 2
- 1 min read
တရုတ်အတွက် ဆူးညှောင့်ခလုတ်မဟုတ်ဘဲ မိတ်ဖက်အနေနဲ့ပူးပေါင်းမှာလို့ ဆို
BVJ/မိုနာ_ မေ ၂၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့-NUGဟာ တရုတ်နဲ့ပတ်သက်ရင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကိုအခြေခံတဲ့ နိုင်ငံခြားရေးသဘောထားရှိပြီး တရုတ်ရဲ့ ရန်ဘက်အင်အားစုတခုမဟုတ်ဘူးဆိုတာ တရုတ်ကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြသသင့်တယ်လို့ NUGယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။
တရုတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ်မှာ အမျိုးမျိုးသောထင်ကြေးတွေနဲ့ ချည်းကပ်ထင်မြင်နေတာကြာပြီဖြစ်တာကြောင့် အမြင်တချို့ကို ပြန်လည်တည့်မတ်ပေးဖို့ လိုနေပြီလို့လည်း ဧပြီ ၂၉ရက်မှာပြုလုပ်တဲ့ NUGအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာကို NUGက ဒီနေ့ မေ၂ရက်မှာ ထုတ်ပြန်တာပါ။
NUGအစိုးရအဖွဲ့အနေနဲ့လည်း ဒီအချက်ကိုလေးနက်စွာကိုင်တွယ်ဖြေရှင်းဖို့လိုပြီး NUGအစိုးရအဖွဲ့ဟာ “တရုတ်ရဲ့ ရန်သူ မဟုတ်ဘူး” သလို “တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမည့်အဖွဲ့မဟုတ်ဘူး” ဆိုတာကို တိတိကျကျထုတ်ဖော်ပြောဆိုနိုင်ဖို့လိုတယ်လို့ ယာယီသမ္မတက တိုက်တွန်းပါတယ်။
ဒါ့အပြင် “အမျိုးသားညီညွတ်ရေးအစိုးရဟာ တရုတ်နဲ့ပတ်သက်ရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုအခြေခံတဲ့ နိုင်ငံခြားရေးသဘောထားရှိကြောင်း ၊ ဒါ့ကြောင့် အစိုးရအဖွဲ့ဟာတရုတ်ရဲ့ ရန်ဘက်အင်အားစုတစ်ခုလည်း မဟုတ်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသသင့်ကြောင်း၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ရင်လည်း အမျိုးသားညီညွတ်ရေးအစိုးရဟာ တရုတ်အတွက် ဆူးညှောင့်ခလုတ်အဖြစ် ရှိနေမှာမဟုတ်ဘဲ မိတ်ဖက်အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း”ကို တရုတ်ဘက်ကို သတင်းစကားပါးသင့်ကြောင်း ယာယီသမ္မဒူဝါလရှီးလက ပြောလာတာပါ။
ဒေသတွင်းနိုင်ငံတွေထဲမှာ ဩဇာသိပ်ကြီးထွားလာတဲ့ တရုတ်အနေနဲ့ မြန်မာ့အရေးမှာ တက်တက်ကြွကြွ ဝင်ရောက်ဖျန်ဖြေတာကို မငြင်းပယ်ပေမယ့် အခုထက်ပိုကျယ်ပြန့်တဲ့ချည်းကပ်မှုတွေနဲ့ ကြားဝင် ဖျန်ဖြေမှသာ ရေရှည်အတွက်ဆေးနည်းကောင်းဖြစ်မယ်လို့ယူဆပြီး အခုလုပ်ရပ်တွေဟာ လတ်တလောအနာသက်သာရုံ ဆေးမြီးတိုလောက်သာဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို အလေးပေးဆက်ဆံနေတာဖြစ်ပြီး မြန်မာ့နိုင်ငံရေးကိုဝင်ရောက်မစွက်ဖက်ဘူးလို့ တရုတ်အစိုးရတာဝန်ရှိသူတွေပြောထားပေမယ့်လည်း လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ကို စစ်ကောင်စီထံပြန်လည်လွှဲအပ်ရေးကိစ္စမှာ ကိုးကန့်တပ်ကိုဖိအားပေးမှုတွေရှိနေခဲ့တာပါ။







Comments