အထက်အောက်အနိုင်ကျင့်တာတွေနဲ့အာဏာပြတာတွေကို လုံးဝရှောင်ကြဉ်ဖို့ ရဲဘော်တွေကို NUGဝန်ကြီးချုပ်ပြော
- BVJ

- 1 minute ago
- 1 min read
ပြည်သူ့မေတ္တာနဲ့ယုံကြည်မှုဆုံးရှုံးသွားရင် တော်လှန်ရေးအဓိပ္ပါယ်မဲ့သွားမယ်
ယူဂရင်း/BVJ_စက်တင်ဘာ ၈၊ ၂၀၂၆

တော်လှန်ရေးကာလအတွင်းမှာ အထက်အောက်အနိုင်ကျင့်တာတွေ၊ လက်နက်အားကိုး၊အဖွဲ့အစည်းအားကိုးနဲ့အာဏာပြတာမျိုးတွေကို လုံးဝရှောင်ကြဉ်ကြဖို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ရဲဘော်တွေကိုတိုက်တွန်းလိုက်ပါတယ်။
"စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ယုံကြည်မှုကိုဆုံးရှုံးသွားရင် အဲ့ဒီတော်လှန်ရေးဟာ အဓိပ္ပါယ်မဲ့သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် တော်လှန်ရေးကာလအတွင်းမှာ အထက်အောက်အနိုင်ကျင့်တာတွေ၊ လက်နက်အားကိုး၊အဖွဲ့အစည်းအားကိုးနဲ့အာဏာပြတာမျိုးတွေကို လုံးဝရှောင်ကြဉ်ကြဖို့ အလေးအနက်တိုက်တွန်းချင်ပါတယ်"လို့ မနေ့က စက်တင်ဘာ ၇ရက်မှာကျင်းပတဲ့ PDFတည်ထောင်ခြင်း (၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်ဘက်ဆိုင်ရာသူရဲဘောက်းဘွဲ့၊ဆုနဲ့တံဆိပ်တွေ ချီးမြှင့်တဲ့အခမ်းအနားမှာ ပြောခဲ့တာပါ။
ဖြတ်သန်းခဲ့တဲ့ငါးနှစ်တာကာလကို ပြန်လည်သုံးသပ်ပြီး လိုအပ်ချက်၊ အားနည်းချက်တွေကို ပြည်လည်ပြင်ဆင်သုံးသပ်ရမယ့်အချိန်အခါလည်းဖြစ်ကြောင်းနဲ့ ဒီတော်လှန်ရေးဟာ လူတစ်ဦးတစ်ယောက်၊အဖွဲ့အစည်းတစ်ခုထဲရဲ့ကြိုးပမ်းမှုနဲ့ ပြီးမြောက်နိုင်တာမဟုတ်ဘဲ ပြည်သူလူထုရဲ့ပါဝင်မှု လူငယ်တွေရဲ့အားမာန်နဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ စုစည်းညီညွတ်မှုနဲ့အင်အားတွေနဲ့သာ အောင်ပွဲခံနိုင်မှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။
ဒါ့အပြင် အခုဂုဏ်ထူးဆောင်ဘွဲ့နဲ့ဆုတံဆိပ်ရရှိကြတဲ့ရဲဘော်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအနေနဲ့လည်း ပြည်သူ့တာဝန်တွေကိုဆက်လက်ကျေပွန်အောင် ထမ်းဆောင်ဖို့ခွန်းအားတစ်ရပ်အဖြစ်မှတ်ယူကြဖို့ကိုလည်း မှာနေပါတယ်။

NUGကချီးမြှင့်သူတွေထဲမှာ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (HPR) ချီးမြှင့်ခံရသူ (၁) ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ချီးမြှင့်ခံရသူ (၂၁) ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ချီးမြှင့်ခံရသူ (၁၆၄၇) ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ချီးမြှင့်ခံရသူ (၈၁) ဦး၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (BRS) ချီးမြှင့်ခံရသူ (၄၂) ဦးပါဝင်ပြီး စုစုပေါင်း ဘွဲ့ နဲ့ဆုတံဆိပ်ချီးမြှင့်ဂုဏ်ပြုခံရသူ (၁၇၉၂) ဦးရှိခဲ့တယ်လို့သိရပါတယ်။
ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ကိုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ KIAစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး R.ခေါင်လွမ်းက ရရှိခဲ့တာဖြစ်ပြီး ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ချီးမြှင့်ခံရသူ(၂၁)ဦးထဲမှာလည်း စစ်အုပ်စုရဲ့အကျဥ်းထောင်ထဲမှာအသက်ပေးခဲ့ရတဲ့ ကိုဂျင်မီ(ခ)ကျော်မင်းယု၊ ကိုမောင်ကျော်(ခ)ဖြိုးဇေယျာသော်တို့လည်း ပါဝင်ပါတယ်။




Comments