သပိတ်ကျင်းအပါအဝင် နယ်မြေတချို့စွန့်လိုက်ရပေမယ့် လှုပ်ရှားစစ်နဲ့ရန်သူကိုပြန်ထိုးနေပြီလို့ NUGကာဝန် ပြော
- BVJ

- Sep 11
- 1 min read
မိုနာ/BVJ_ စက်တင်ဘာ ၁၁၊ ၂၀၂၅

တော်လှန်ရေးအင်အားစုတွေအနေနဲ့ နယ်မြေတချို့စွန့်ရပေမယ့် စစ်မျက်နှာအလိုက်ရန်သူ့ထိုးစစ်ကို ထိထိရောက်ရောက်ချေမှုန်းပစ်နိုင်ဖို့ ကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။
“တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီအချိန်မှာနယ်မြေတချို့ကို စွန့်ကောင်းစွန့်ရမယ်။ ဒါပေမယ့်စစ်မျက်နှာအလိုက် ရန်သူ့ထိုးစစ်ကိုထိထိရောက်ရောက် ချေမှုန်းပစ်နိုင်ဖို့ဒါကို ကျနော်တို့ကြိုးစားနေတာဖြစ်ပါတယ်။
လတ်တလောအရေးကြီးတဲ့တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ TNLAဆိုရင် နောင်ချိုကိုလက်လွှတ်ခဲ့ရတယ်။ မန္တလေးဒေသ သပိတ်ကျင်းတွေလည်း သပိတ်ကျင်းကိုလက်လွှတ်ခဲ့ရတာရှိပါတယ်။ အဲ ဒါပေမယ့်အခုချိန်က ဒါခံစစ်တွေတိုက်ဖို့သင့်တော်တဲ့အချိန်မဟုတ်ဘူးဗျ။ အဲ့ဒီအတွက်မြို့တွင်းက ကိုယ့်တပ်တွေ မြို့ပြင်ပြန်ထွက်ပေးတဲ့သဘောပါပဲ။ အခုဆိုရင် လှုပ်ရှားစစ်နဲ့ရန်သူကိုပြန်ထိုးနေတဲ့အချိန်လို့ ကျနော်တို့ပြောချင်ပါတယ်”လို့ ဒီနေ့ထုတ်လွှင့်တဲ့ PvTVနဲ့အင်တာဗျူး ဒုတိယပိုင်းမှာ ဝန်ကြီးကပြောတာပါ။
ဒါ့အပြင် ပြည်သူ့ကာကွယ်တပ်မတော်-PDF ကအထွေထွေထိုးစစ်ဆင်ဖို့ပြင်ဆင်နေပြီး အဲ့ဒီအတွက် တပ်၊ ဘဏ္ဍာရန်ပုံငွေနဲ့ လက်နက်ခဲယမ်းမီးကျောက် စတဲ့ သုံးချက်ကိုအဓိကပြင်ဆင်နေတယ်လို့ ပြောပါတယ်။
“အားလုံးသိတဲ့အတိုင်းပဲ PDFတပ်ရင်းတပ်ဖွဲ့တွေက အချိန်တိုအတွင်းမှာပဲ စုဖွဲ့လေ့ကျင့်ပြီးလက်နက်တပ်ဆင်ပြီးတော့ ချက်ခြင်းတိုက်ပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ကျနော်တို့အနေနဲ့ တပ်တည်ဆောက်ရေးကိုပြန်ပြီးတော့ ဝါယမစိုက်နေတဲ့အချိန်လို့ပြောလို့ရပါတယ်။ တပ်တွေပြန်လည်စုဖွဲ့တာ၊ မွန်းမံလေ့ကျင့်တာ၊ အဆင့်မြင့်သင်တန်းစီစဉ်တာ ဒါတွေဆောင်ရွက်သလိုပဲ တဖက်မှာလည်း PDFတပ်မတော်ရဲ့ အရေးကြီးတဲ့ကွပ်ကဲမှုဖြစ်တဲ့ စစ်ရုံးချုပ်၊ တိုင်းစစ်ဌာန၊ ခရိုင်စစ်ဌာန ဒီကွပ်ကဲမှုတာဝန်ရှိတဲ့သူတွေကို ဆက်တိုက်တာဝန်ပေးအပ်တဲ့အလုပ်ကို ဒါကိုလည်းဒီနှစ်ထဲမှာ အထူးအားစိုက်ပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်”လို့ ဝန်ကြီးဦးရည်မွန်က ပြောပါတယ်။
အခုလ ၇ရက်မှာထုတ်ပြန်ခဲ့တဲ့ NUGရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့်အစီရင်ခံစာမှာလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ဆင်နွှဲနိုင်ဖို့အတွက်ပြင်ဆင်နေကြောင်းကို ဖော်ပြထားပါတယ်။

အခုနှစ်ကုန်မှာ ရွေးကောက်ပွဲအပိုင်း-၁လုပ်မယ်လို့ကြေညာထားတဲ့ အာဏာသိမ်းစစ်အုပ်စုကတော့ ရွေးကောက်ပွဲလုပ်မယ့် နယ်မြေတွေအပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့PDFတွေဆီမှာ လက်လွှတ်ဆုံးရှုံးထားတဲ့နယ်မြေတွေကို ကြည်း၊ရေ၊လေတပ်အစုံနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ လတွေအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ မန္တလေးတိုင်းအတွင်းက သပိတ်ကျင်းမြို့နယ်တွေအပါအဝင် (၇)မြို့ကို ပြန်ထိန်းချုပ်သွားခဲ့ပါတယ်။
အခုလအတွင်းမှာလည်း KNLAနဲ့ PDFတွေ တစ်နှစ်ကျော်ကြာထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာကုန်သွယ်ရေးအတွက်အရေးပါတဲ့ အာရှလမ်းမကြီးကို စစ်တပ်ကတိုက်ယူပြီး ပြန်ထိန်းချုပ်သွားပါတယ်။







Comments