top of page

NUGစိုးမိုးထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲလုပ်ဖို့ဖိအားပေးရင် ဖမ်းဆီးမယ်လို့ ကြေညာ

  • Writer: BVJ
    BVJ
  • Aug 25
  • 1 min read

ယူဂရင်း/BVJ_ သြဂုတ် ၂၅၊ ၂၀၂၅

ပုံစာ- စစ်ကောင်စီရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ မြိုင်မြို့နယ်တွင် လူထုဆန္ဒပြပွဲပြုလုပ်နေပုံ(ဓါတ်ပုံ-GSCB)
ပုံစာ- စစ်ကောင်စီရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ မြိုင်မြို့နယ်တွင် လူထုဆန္ဒပြပွဲပြုလုပ်နေပုံ(ဓါတ်ပုံ-GSCB)

အမျိုးသားညီညွတ်ရေးအစိုးရ-NUG စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ စစ်အုပ်စုလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အမည်ခံ အဖွဲ့အစည်းတို့က တရားမဝင် အတုအယောင် ရွေးကောက်ပွဲကိုဇွတ်အတင်းပြုလုပ်ဖို့ ပြည်သူလူထုကိုဖိအားပေးဆောင်ရွက်လာမှုတွေရှိရင် ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ထိရောက်စွာဖမ်းဆီးအရေးယူဆောင်ရွက်သွားမယ်လို့ NUGက ကြေညာပါတယ်။


စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NUGရဲ့ရပ်တည်ချက်နဲ့သဘောထားတွေကို မနေ့က သြဂုတ် ၂၄ရက်မှာ ထုတ်ပြန်ကြေညာလာတာပါ။


NUGရဲ့ ကြေညာချက်ထဲမှာ အချက် ၈ချက်ပါဝင်ပြီး အဲ့ဒီထဲမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ဥပဒေပြုရေးမဏ္ဍိုင်တွေနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေလည်းအခိုင်အမာ တည်ရှိနေပြီးဖြစ်ကြောင်းနဲ့ ပြည်သူလူထုရဲ့သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး အာဏာတည်မြဲရေး၊ ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေးတို့အတွက် တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို ဇွတ်အတင်းဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အချာအာဏာကို မတရားရယူရန်ကြိုးစားခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။


NUGအနေနဲ့လည်း မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေအပါအဝင်၊ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၁)မှာ ပြဌာန်းထားတဲ့ "တိုင်းပြုပြည်ပြု ညီလာခံကရေးဆွဲအတည်ပြုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုပြဌာန်းခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်း" မူဘောင်အတိုင်းရပ်တည်ကာ စနစ်ပြောင်းတော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။


နိုင်ငံတကာ အစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီမဟာမိတ်တွေအနေနဲ့လည်း စစ်အုပ်စုရ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ငြင်းပယ်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေး ပြန်လည်ရရှိရေးကြိုးပမ်းမှုအတွက် ပံ့ပိုးအားဖြည့်ပေးဖို့ကိုလည်း NUGက တိုက်တွန်းထားပါသေးတယ်။


အာဏာသိမ်းစစ်ကောင်စီကနေ အမည်ပြောင်းဖွဲ့စည်းလိုက်တဲ့ စစ်ကော်မရှင်ဟာ လာမယ့်ဒီဇင်ဘာလ ၂၈ရက်မှာ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပသွားမယ်လို့ကြေညာထားပြီး အဲ့ဒီအတွက်လည်း မဲဆန္ဒနယ်ကြေညာတာ၊ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကြိုတင်မဲပေးဖို့ ပုံစံ(၁၅) ဖြန့်ဝေတာ စတဲ့ပြင်ဆင်မှုတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။


အာရက္ခတပ်တော်-AA၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ-KSCC အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အဖွဲ့အစည်းတွေကလည်း သူတို့ထိန်းချုပ်နယ်မြေတွေအတွင်းမှာလုပ်မယ့် စစ်ကောင်စီရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့တားဆီးသွားမယ်လို့ ထုတ်ဖော်ပြောထားကြပါတယ်။


အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု-GSCBကလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ တိုင်းပြည်နဲ့လူထုအတွက် ထွက်ပေါက် လုံးဝ (လုံးဝ) မဟုတ်ဘဲ ထောင်ချောက် စစ်စစ်သာလျှင်ဖြစ်တာကြောင့် လူထုနဲ့အတူ ဆက်လက်ချီတက်ရမယ့်နိုင်ငံရေးလုပ်ငန်းတွေကို မနေ့က သြဂုတ် ၂၄ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page