ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ခန့်အပ်ပြီး NUG အစိုးရအဖွဲ့ပြင်ဆင်
- BVJ

- 6 days ago
- 1 min read
ဂျာထွယ်ပန်နဲ့ ဒေါက်တာရွှေပုံတို့ကို ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး အဖြစ်ခန့်အပ်
မိုနာ/BVJ_ဒီဇင်ဘာ ၈၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ဒေါက်တာဇော်ဝေစိုးကို ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ပေးအပ်လိုက်သလို အရင်က ပညာရေးဒုဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဂျာထွယ်ပန်ကို ပညာရေးဝန်ကြီး၊ အရင်ကကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံကို ကျန်းမာရေးဝန်ကြီးတို့အဖြစ် ခန့်အပ်လိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHက ဒီနေ့မှာကြေညာပါတယ်။
ဒါ့အပြင် အရင်က ပညာရေးဒုဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ အရင်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေးဗစ်ဂွမ်အောင်ကိုလည်း နိုင်ငံခြားရေး ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့သလို အရင်က အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး နဲ့ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားတဲ့ ဦးကျော်နီကို ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း ကြေညာချက်အရ သိရပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုကဒီမိုကရေစီနည်းကျအပ်နှင်းလိုက်တဲ့ အာ
ဏာကိုကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အခုလို ဝန်ကြီး၊ ဒုဝန်ကြီးတွေကို ပြောင်းရွှေ့တာဝန်ပေးအပ်လိုက်တာလို့ CRPHရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

NUGအစိုးရကိုအဖွဲ့ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပေမယ့် ကျန်တဲ့ဝန်ကြီးတွေကတော့ အရင်အတိုင်းပဲဆက်လက်တာဝန်ယူထားတာဖြစ်ပြီး ဒီထဲမှာ ဒေါက်တာဆာဆာဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ၊ ဦးထင်လင်းအောင်ဦးဆောင်တဲ့ ဆက်သွယ်ရေး၊သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန၊ ဒေါ်ခင်မမမျိုးဦးဆောင်တဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နော်စူဆန်နာလှလှစိုးဦးဆောင်တဲ့ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ကို မတွေ့ရတော့ပါဘူး။
အရင်က ဦးနိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏဦးဆောင်တဲ့ အလုပ်သမားဝန်ကြီးဌာနကိုတော့သီးခြားမရှိတော့ဘဲ ဒေါက်တာဝင်းမြတ်အေး ဝန်ကြီးအဖြစ်တာဝန်ယူထားတဲ့ လူမှုကူညီရေး၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနဆိုပြီး ပေါင်းထားတာတွေ့ရပါတယ်။
လက်ရှိNUGအစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်ဒုတိယသမ္မတ(ယာယီသမ္မတ)ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးတွေကတော့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း၊စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်၊ လူမှုကူညီရေး၊ အလုပ်သမားနဲ့ လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ၊ ပညာရေးဝန်ကြီး ဂျာထွယ်ပန်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ရွှေပုံ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင် ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ တရားရေးဝန်ကြီး ဦးသိန်းဦး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်း တို့ဖြစ်ပါတယ်။

ဒုဝန်ကြီးတွေအဖြစ်ကတော့ နိုင်ငံခြားရေးဒုဝန်ကြီးတွေအဖြစ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းနဲ့ ဒေးဗစ်ဂွမ်အောင် ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီးခူထဲဘူး နဲ့ ဦးကျော်နီ၊ ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွက် ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဒုဝန်ကြီး မိုင်းဝင်းထူး၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး မင်းဇေယျာဦး၊ လူမှုကူညီရေး၊ အလုပ်သမားနဲ့ လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်း၊ ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ ခင်မောင်လွင်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုဝန်ကြီး ခွန်စောဖူး ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမော်ထွန်းအောင် တို့ ဖြစ်ပါတယ်။
အခုဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ခန့်အပ်လိုက်တဲ့ ဒေါက်တာဇော်ဝေစိုးဟာ မြေပြင်မှာရှိနေပြီး တာဝန်တွေထမ်းဆောင်နေကြောင်းကို အခုနှစ် ဧပြီလမှာကြညာခဲ့ပါတယ်။







Comments