"NUGPayတို့၊ SDB ဘဏ်တို့ဆက်မသုံးရဲအောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာပါ"

အီးကေ/BVJ_စက်တင်ဘာ ၂၈၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ-NUGအစိုးရကလည်ပတ်နေတဲ့ People's Revolution Supply Family (PRF)ဝက်ဘ်ဆိုက်ကိုငွေကြေးထောက်ပံ့မှုပြုလုပ်နေတဲ့ လူ ၂,၇၀၀ ကျော်ရဲ့အချက်အလက်တွေနဲ့ အဲဒီထဲက ၂၁ ဦးကိုဖမ်းမိထားပြီလို့ စစ်အုပ်စုလက်အောက်ခံမြဝတီသတင်းက ဒီနေ့ စက်တင်ဘာ ၂၈ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
PRFကိုထောက်ပံ့နေတဲ့သူတွေနဲ့ဆက်စပ်တဲ့ WavePay အကောင့် ၇၀၀ ခန့်နဲ့ SDB ဘဏ်/NUGPay အကောင့် ၁,၀၀၀ ခန့်အပါအဝင် စုစုပေါင်း အကောင့်၂,၇၀၀ ကျော်ရဲ့အချက်အလက်တွေကိုရရှိထားတယ်လို့ အဲ့ဒီသတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ဒီထုတ်ပြန်ချက်ဟာ ပြည်သူတွေကြောက်ရွံ့ထိတ်လန့်သွားစေဖို့နဲ့ တော်လှန်ရေးဘက်ကို ငွေကြေးစီးဆင်းမှုပြတ်တောက်သွားစေဖို့ ရည်ရွယ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး (Psychological Warfare) တစ်ခုသာဖြစ်နိုင်တယ်လို့ NUGPayကိုယ်စားလှယ်တစ်ဦးက BVJကိုပြောပါတယ်။
“ကျွန်တော်တို့ဘက်ကလုပ်နေတဲ့ NUGPayတို့၊ SDB ဘဏ်တို့ကိုဆက်မသုံးရဲအောင်စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာပါ။ သူတို့ပြောတဲ့ NUGPay အကောင့်တစ်ထောင်ကိုခြေရာခံမိတယ်ဆိုတာကလည်း မဖြစ်နိုင်သလို ယုတ္တိလည်းမရှိပါဘူး။ ကျွန်တော်တို့ကသုံးစွဲတဲ့သူတွေအန္တရာယ်မရှိအောင် လုံခြုံရေးကိုအမြဲတမ်းအဆင့်မြှင့်တင်ထားပါတယ်။ အဲဒါကြောင့်ကျွန်တော်တို့ Bondတွေ အိမ်တွေရောင်းခဲ့တုန်းကလည်းဘာမှမဖြစ်ခဲ့တာပေါ့။ NUGPayကိုယ်စားလှယ်က မြန်မာပြည်ထဲမှာတစ်ယောက်မှမရှိသလို၊ စစ်အုပ်စုထိန်းချုပ်မှုအောက်မှာလည်းရှိမနေတဲ့အတွက်ဘာမှစိုးရိမ်စရာမရှိပါဘူး”လို့သူကပြောပါတယ်။
စစ်အုပ်စုဘက်ကတော့ မိုးညှင်းမြို့က ထက်သူအောင်၊ လားရှိုးမြို့က မေရီဆန်စင်၊ ရွှေညောင်မြို့က မျိုးမြမြတ်ထွန်းကြည်၊ ပုသိမ်ကြီးမြို့နယ်က လှိုင်ဖုန်း၊ ပြင်ဦးလွင်မြို့က စန်းယုအောင်၊ ပျဉ်းမနားမြို့နယ်က သဲအိခိုင်၊ ဇမ္ဗူသီရိမြို့နယ်က သီဟ၊ လှည်းကူးမြို့က ဇော်ကိုလတ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်က ရန်နိုင်အောင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်က မျိုးဇော်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က အောင်ဟိန်း၊ မင်္ဂလာဒုံမြို့နယ်က ငြိမ်းဝင်းအောင်နဲ့ ကျော်ဝင်းစိုး၊ လှိုင်မြို့နယ်က မြသီတာ၊ ကြည့်မြင်တိုင်မြို့နယ်က သက်နိုင်ထူး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်က ညွန့်ရီ၊ ပုသိမ်မြို့က ကြူကြူဝင်း၊ ဒေးဒရဲမြို့က သိန်းဇင်ထိုက်နဲ့ ကြည်ကြည်စန်း၊ မအူပင်မြို့က အောင်ဇော်ထွေးနဲ့ ကျောင်းကုန်းမြို့က အေးအေးသင်းတို့ကိုဖမ်းဆီးထားတယ်လို့ဆိုပါတယ်။

စစ်အုပ်စုကထုတ်ပြန်ထားတဲ့ PRFထောက်ပံ့သူ ၂,၇၀၀ ကျော်ရဲ့ အချက်အလက်တွေရရှိထားတယ်ဆိုတဲ့ပြောဆိုချက်နဲ့ဖမ်းဆီးမှုတွေအပေါ် NUG သို့မဟုတ် PRFဘက်ကတော့ လတ်တလောတရားဝင် တုံ့ပြန်ချက်ထုတ်ပြန်တာမတွေ့ရသေးပါဘူး။
ဒါ့အပြင် စစ်အုပ်စုကသူတို့ဖော်ထုတ်ထားတယ်ဆိုတဲ့ WavePayအကောင့်တွေကိုပိတ်သိမ်းပြီး အကောင့်ထဲကငွေတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ ကျန်ရှိနေသေးတဲ့သူတွေကိုလည်း ဆက်လက်ဖော်ထုတ်ဖမ်းဆီးမယ်လို့ဆိုထားပြီး PRF ကို ငွေကြေးထောက်ပံ့သူတွေနဲ့ပတ်သက်တဲ့ သတင်းပေးပို့မှုတွေအတွက်ဆုကြေးပေးမယ်လို့လည်း ကြေညာထားပါတယ်။
PRFဆိုတာကတော့ NUGကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့လိုအပ်ချက်တွေအတွက် ပြည်တွင်း၊ ပြည်ပက ထောက်ပံ့ငွေတွေကိုစုဆောင်းပေးနေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။




Comments