သမ္မတဦးဝင်းမြင့်နဲ့ပတ်သက်တဲ့ အမှန်တရားထုတ်ပြောခဲ့တဲ့ ဂျာမနီသံရုံးအကြီးအကဲကို မြန်မာအရပ်ဖက်အဖွဲ့တွေကျေးဇူးတင်

ယူဂရင်း/BVJ_နိုဝင်ဘာ ၁၃၊ ၂၀၂၆

အာဏာသိမ်းစစ်အုပ်စုကပြန်လွှတ်ပေးခဲ့တယ်လို့ ကြေညာထားတဲ့ သမ္မတဦးဝင်းမြင့်ဟာ အမှန်တကယ်လွတ်လပ်မှုမရှိသေးတဲ့အကြောင်း ထုတ်ဖော်ပြောပြခဲ့တဲ့ ရန်ကုန် ဂျာမနီသံရုံးအကြီးအကဲ Mathias Licharzကို ကျေးဇူးတင်ကြောင်း အရပ်ဘက်အဖွဲ့အစည်း ၁၉၃ဖွဲ့ က ဒီနေ့ နိုဝင်ဘာ ၁၃ရက်မှာ စာပေးပို့ပြောလိုက်ပါတယ်။
နိုဝင်ဘာ ၈ရက်က သမ္မတဦးဝင်းမြင့်ရဲ့ (၇၅)နှစ်ပြည့်မွေးနေ့ဖြစ်ပြီး ဂျာမနီသံရုံးယာယီတာဝန်ခံက မွေးနေ့ဆုတောင်းပေးရင်းနဲ့ ရန်ကုန်ကဦးဝင်းမြင့်ရဲ့နေအိမ်ရှေ့မှာ ပြောခဲ့တာဖြစ်ပါတယ်။
ဂျာမနီသံရုံးယာယီတာဝန်ခံက လွတ်မြောက်လာတယ်ကြေညာကထဲက ဦးဝင်းမြင့်ကိုတွေ့ခွင့်တောင်းထားပေမယ့် နေပြည်တော်ကအခုချိန်ထိတွေ့ခွင့်မပေးသေးကြောင်းနဲ့ သမ္မတဦးဝင်းမြင့်ဟာအမှန်တကယ်လွတ်မြောက်မှုမရှိသေးကြောင်း ကို ထုတ်ဖော်ပြောထားတာပါ။
ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့တရားဝင်သမ္မတအဖြစ် နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးက ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်ကြောင်းကိုလည်း ဂျာမနီသံရုံးအကြီးအကဲက အတည်ပြုပြောခဲ့တာပါ။

အဲ့ဒီလိုထုတ်ဖော်ပြောကြားပေးမှုဟာ စစ်အုပ်စုကဖုံးကွယ်ဖို့ အပြင်းအထန်ကြိုးစားနေတဲ့အမှန်တရားကို ဖော်ထုတ်လိုက်ခြင်းဖြစ်ပြီး လူကြီးမင်းရဲ့စကားဟာ မြန်မာပြည်သူတွေအတွက်အရေးပါခဲ့ကြောင်း အရပ်ဖက်အဖွဲ့တွေက ဒီနေ့မှာ စာပေးပို့ပြောလိုက်တာပါ။
"စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲကိုကျင်းပကာ ကမ္ဘာကသူတို့ကို တရားဝင်အာဏာပိုင်အဖြစ် ဆက်ဆံရန်တောင်းဆိုနေသည့်အချိန်တွင် အယောင်ဆောင်မလုပ်တတ်သော သံတမန်တစ်ဦးသည် မိမိတို့ပြည်သူများ၏ မိတ်ဆွေစစ်ဖြစ်ပါသည်"လို့ ကျေးဇူးတင်စာမှာဖော်ပြပါတယ်။
ဒါ့အပြင် အခုလိုရပ်တည်ချက်ဟာ စစ်အုပ်စုဆီမှာအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅,၀၀၀ကျော်ရဲ့ မိသားစုတွေကိုပါခွန်အားပေးကြောင်းနဲ့ ဂျာမနီနဲ့ဥရောပသမဂ္ဂတို့ မြန်မာပြည်သူတွေဘက်က ဆက်လက်ရပ်တည်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
သမ္မတဦးဝင်းမြင့် အမှန်တကယ်မလွတ်မြောက်သေးကြောင်း ထုတ်ပြောခဲ့တဲ့ ဂျာမနီသံရုံးယာယီတာဝန်ခံ Mathias Licharzကို စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၀ရက်မှာခေါ်ယူ သတိပေးပြောခဲ့ပါသေးတယ်။

အဲ့ဒီထဲမှာ မစ္စတာ Mathias Licharzရဲ့အပြုအမူဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်းဝင်ရောက်စွက်ဖက်ဝေဖန်နေခြင်းဖြစ်တဲ့အတွက် လုံးဝလက်မခံနိုင်စရာဖြစ်ကြောင်းနဲ့ ဦးဝင်းမြင့်ကိုနိုင်ငံတော်သမ္မတအဖြစ်သဘောထားပြီး သူတို့နဲ့လက်တွဲဆောင်ရွက်လိုခြင်းမရှိဘူးဆိုကာ မြန်မာနိုင်ငံကထွက်ခွာသွားမယ်ဆိုရင်လည်း မတားဘူးလို့ စစ်အုပ်စုဘက်ကပြောခဲ့ပါတယ်။
အခုကျေးဇူးတင်စာကို AAPP၊ BROUK၊ CHRO၊ GSCB၊ EQMM၊ KHRGစတဲ့အဖွဲ့အစည်းတွေအပါအဝင် သပိတ်အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူအခွင့်အရေးအဖွဲ့တွေနဲ့ ဒေသဆိုင်ရာအရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ပေးပို့ထားတာဖြစ်ပါတယ်။



Comments