ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံ

အီးကေ/BVJ_ နိုဝင်ဘာ ၁၂၊ ၂၀၂၆

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ကတ်ကဲအို (Sihasak Phuangketkeow)ဟာ ဒီနေ့ ကြာသပတေးနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ထိုင်းဝန်ကြီးရဲ့ အခုမြန်မာခရီးစဉ်ဟာ ဒီတစ်ပါတ် မနီလာမြို့မှာကျင်းပမယ့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမတိုင်ခင် ရက်ပိုင်းအလိုမှာပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းကလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးလမ်းကြောင်းတွေတိုးချဲ့နိုင်ဖို့အတွက် အာဆီယံ အထူးကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံကိုလာရောက်ခဲ့ကြပါသေးတယ်။

ဆီဟာဆက်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ထိုင်း-မြန်မာနယ်စပ်တလျှောက် လုံခြုံရေးနဲ့တည်ငြိမ်ရေးမြှင့်တင်ဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး ထိုင်းဘက်ကတော့ နယ်စပ်တလျှောက်နေထိုင်ကြတဲ့ ထိုင်းပြည်သူတွေရဲ့လုံခြုံဘေးကင်းရေးကို သေချာစေဖို့လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သလို ထိုင်းဘက်အခြမ်းမှာနေထိုင်သူတွေအပေါ် ထိခိုက်မှုတွေမရှိရလေအောင် မြန်မာဘက်ကသတိထား လုပ်ဆောင်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော် ရေညစ်ညမ်းမှုပြဿနာတွေ၊ အထူးသဖြင့် နှစ်နိုင်ငံစလုံးက ဒေသခံတွေအပေါ် ထိခိုက်နေတဲ့ မြစ်ချောင်းရေညစ်ညမ်းမှု ကိစ္စရပ်တွေကိုလည်း နှစ်ဖက်စလုံးကဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် အာဆီယံ၊ နိုင်ငံတကာ အသိုက်အဝန်းတို့နဲ့ အပြုသဘောဆောင်တဲ့ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ရာမှာလည်း ထိုင်းနိုင်ငံအနေနဲ့ ဆက်လက်ထောက်ခံအားပေးသွားမယ့်အကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့တယ်လို့ ထိုင်းဘက်က ဆိုပါတယ်။
Photos by: Thailand’s Ministry of Foreign Affairs



Comments