ရန်ကုန်၊UNရုံးရှေ့မှာ တော်လှန်ညီနောင် ၄ဖွဲ့ လှုပ်ရှားမှုပြုလုပ်

မိုနာ/BVJ_နိုဝင်ဘာ ၁၃၊ ၂၀၂၆

လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့မှာ “SHAKING HANDS WITH MIN AUNG HLAING SHAKES HANDS WITH GENOCIDE” (မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှုကို အားပေးခြင်းဖြစ်သည်) ဆိုတဲ့ စာသားပါဘန်နာကို ချိတ်ဆွဲတဲ့လှုပ်ရှားမှုတစ်ခုကို ဒီနေ့ နိုဝင်ဘာ ၁၃ရက်မှာပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့(Yangon 4 Brothers)က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလှုပ်ရှားမှုကနေ အာဏာသိမ်းစစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆီကို အသိပေးတိုက်တွန်းလိုတာဖြစ်တယ်လို့ ပြောထားပါတယ်။
Yangon 4 Brothersက နိုင်ငံတကာကိုတိုက်တွန်းလိုတဲ့အချက်တွေထဲမှာ ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို နိုင်ငံတကာအသိုင်းအဝိုင်း၊ အာဆီယံ (ASEAN)နဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ တရားဝင်ဆက်ဆံခြင်း၊ စီးပွားရေးအရ ပူးပေါင်းပါဝင်ပတ်သက်ခြင်းနဲ့ သံတမန်ရေးရာအရ ပူးပေါင်းဆောင်ရွက်ခြင်းတွေမပြုလုပ်ကြဖို့၊ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနစ်နာစေရုံသာမက စာသင်ကျောင်း၊ ဆေးရုံ၊ စစ်ဘေးရှောင်စခန်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ ဘာသာရေးပွဲတော်တွေအပေါ် လူမဆန်ရက်စက်စွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတာကို မျက်ကွယ်ပြုလျစ်လျူရှုရာ ရောက်ကြောင်းတို့ ပါဝင်ပါတယ်။

ပြီးတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုဖိတ်ခေါ် ပူးပေါင်းဆောင်ရွက်ခြင်းဟာ မြန်မာပြည်သူများအပေါ် ကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေမှာ တနည်းတဖုံပါဝင်အားပေးအားမြှောက်ပြုရာ ရောက်တယ်ဆိုပြီး အသိပေးထားပါတယ်။
တောင်းဆိုတိုက်တွန်းမှုတွေထဲမှာ တော်လှန်နေကြတဲ့မြန်မာပြည်သူတွေကိုယ်စား SCEFနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း၊ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေက တရားဝင်ဆက်ဆံခြင်း၊ သံတမန်ရေးရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းတို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ချိတ်ဆက်ပြီး ထိရောက်စွာ အကောင်အထည်ဖော်ပေးဖို့ဆိုတာတွေကိုလည်း ပြောထားပါတယ်



Comments