သေသွားတဲ့ဦးမြင့်ဆွေအပါအဝင် ၂၀၂၁အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အကြမ်းဖက်သမားလို့ NUGကြေညာ
- BVJ

- 25 minutes ago
- 1 min read
ယူဂရင်း/BVJ_ နိုဝင်ဘာ ၂၆၊ ၂၀၂၅

စစ်အုပ်စုထဲက သေဆုံးသွားတဲ့ယာယီသမ္မတ ဦးမြင့်ဆွေ၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီးဟောင်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ နယ်စပ်ရေးရာဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ကို အကြမ်းဖက်သမားအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ-NUGရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၆ရက် မနက်အစောပိုင်းမှာ ကြေညာပါတယ်။
၂၀၂၁၊ဖေဖော်ဝါရီ ၁ရက်နေ့မှာ စစ်အုပ်စုဟာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ခေါ်ယူပြီး ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို မတရားဖမ်းဆီးပြီး နိုင်ငံတော်ပုံကန်မှုကျူးလွန်ခဲ့တာကြောင့် အဓိကတရားခံတွေဖြစ်တဲ့ အဲ့ဒီ ၆ယောက်ကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
NUGအနေနဲ့အဲ့ဒီအကြမ်းဖက်သမားတွေကို ဥပဒေအရအရေးယူနိုင်ရေးကြိုးပမ်းသွားမှာဖြစ်တာကြောင့် ပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ကြဖို့ကို တိုက်တွန်းထားပါသေးတယ်။
စစ်တပ်အာဏာသိမ်း ငါးနှစ်ပြည့်ခါနီးမှာ အာဏာသိမ်းခဲ့တဲ့စစ်အုပ်စုကို အကြမ်းဖက်သမားအဖြစ် NUGကကြေညာလာတာဖြစ်ပြီး အခုကြေညာခဲ့တဲ့ ၆ယောက်ထဲက ယာယီသမ္မတ ဦးမြင့်ဆွေဟာဆိုရင်လည်း ပြီးခဲ့တဲ့လ သြဂုတ် ၇ရက်ကသေဆုံးသွားခဲ့ပြီဖြစ်တာကြောင့် NUGရဲ့ ဒီကြေညာချက်အပေါ်မှာ ဝေဖန်မှုတွေလည်းရှိနေပါတယ်။







Comments