PDFတပ်ရင်းတပ်ဖွဲ့ ထောက်ပံ့မှုစရိတ် အမေရိကန်ဒေါ်လာ သန်း ၃၀ သုံးစွဲခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
- BVJ

- 3 hours ago
- 1 min read
သူရ/BVJ_သြဂုတ် ၁၄၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ PDF တပ်ရင်းနဲ့တပ်ဖွဲ့တွေစတင်ဖွဲ့စည်းချိန်ကစလို့ ၃၈ ကြိမ်အထိထောက်ပံ့ပေးခဲ့ရာမှာ တစ်ကြိမ်ကိုပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၉ သိန်းခွဲကျော် (၀.၉၆ သန်းခန့်) သုံးစွဲခဲ့တယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။
အဲ့ဒီထောက်ပံ့စရိတ်တွေကို နိုင်ငံတဝန်းမှာရှိတဲ့ PDF တပ်ရင်း၊တပ်ဖွဲ့နဲ့ စစ်ကြောင်းပေါင်း ၃၆၀ ကျော်ကိုဖြန့်ဝေပေးခဲ့တာဖြစ်ပြီး ဒီနေ့အထိသုံးစွဲခဲ့တဲ့ တပ်ရင်းထောက်ပံ့စရိတ် ၈၅ ရာခိုင်နှုန်းကျော်ဟာ စုစုပေါင်းခန့်မှန်းခြေ ဒေါ်လာ သန်း ၃၀ အထိရှိပါတယ်။ အဲဒီငွေတွေကို ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ (၄၆) လတာကာလအတွင်း ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF)အစီအစဥ်ကနေကောက်ခံရရှိခဲ့တဲ့ ဘဏ္ဍာငွေတွေထဲကနေ ထုတ်နှုတ်သုံးစွဲခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ်ကစလို့ တပ်ရင်းထောက်ပံ့မှုကို တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၁.၃ သန်းခန့်အထိတိုးမြှင့်ပေးနေသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးတပ်ရင်း၊ အဖွဲ့တွေကိုလည်း ၃၆ ကြိမ်မြောက်ကစလို့ တိုးချဲ့ထောက်ပံ့ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးဟာ အရေးအကြီးဆုံးအဆုံးအဖြတ်ကာလကို ရောက်ရှိနေပြီဖြစ်လို့ ပြည်သူလူထုအနေနဲ့ PRFအစီအစဥ်အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဥ်တွေမှာ မိမိတို့တတ်စွမ်းသမျှ အင်တိုက်အားတိုက်ပါဝင်ပူးပေါင်းပေးကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။




Comments