ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တိုက်စွမ်းရည်မြှင့်တင်ဖို့ လိုအပ်နေ
- BVJ

- Sep 8
- 1 min read
မိုနာ/BVJ_ စက်တင်ဘာ ၈၊ ၂၀၂၅

ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာအတွေ့အကြုံကောင်းတွေနဲ့ အားသာချက်တွေရှိသလို စိန်ခေါ်မှုတွေလည်းရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန-MODက မနေ့က စက်တင်ဘာ ၇ရက်မှာထုတ်ပြန်တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့် အစီရင်ခံစာမှာဖော်ပြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFရဲ့ စိန်ခေါ်ချက် (၇)ချက်ကို MODကထုတ်ပြန်ထားပြီး အဲ့ဒီထဲမှာ လက်နက်ကိုယ်စီ တပ်ဆင်မှုမပြုနိုင်သေးခြင်း၊ ခဲယမ်းမီးကျောက်အားနည်းခြင်း၊ ရိက္ခာအပါအဝင်အခြေခံ လိုအပ်ချက်တွေအတွက် ပိုမိုထောက်ပံ့ဖို့လိုအပ်ခြင်း၊ စံကိုက်လေ့ကျင့်မှုနဲ့သင်တန်းတွေ လိုအပ်ခြင်း၊ တိုက်စွမ်းရည်မြှင့်တင်ဖို့လိုအပ်ခြင်း၊ အိမ်နီးချင်းနဲ့နိုင်ငံကြီးတချို့က မြန်မာပြည်သူလူထုဆန္ဒနဲ့ ဒုက္ခအပေါ် လျစ်လျူရှုပြီး အာဏာသိမ်းစစ်အုပ်စုကို ရုပ်ပိုင်း၊စိတ်ပိုင်း ရပ်တည်ထောက်ပံ့အားပေးနေခြင်း၊ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဆင်ရေးအဆင့်ထပ်ပိုတဲ့ မဟာဗျူဟာအဆင့်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့လိုအပ်ခြင်း၊ စစ်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့စောင့်ရှောက်နိုင်ရေးအတွက် သီးခြားရန်ပုံငွေ အစီအစဉ်တရပ်ထားရှိဖို့ လိုအပ်ခြင်းတို့ ပါဝင်ပါတယ်။
လက်ရှိမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ဆင်နွှဲနိုင်ဖို့အတွက် တပ်ကိုပြင်ဆင်ခြင်း၊ ဘဏ္ဍာရန်ပုံငွေပြင်ဆင်ခြင်း၊ ခဲယမ်းမီးကျောက်ဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်နေကြောင်းကိုလည်း MODက အသိပေးထားပါတယ်။
“အထူးသဖြင့် ယခုအချိန်တွင် တပ်တည်ဆောက်ရေးကိုအထူးအားစိုက်ဆောင်ရွက်နေသည်။ တော်လှန်ရေးအစပြုစဉ်က အချိန်တိုအတွင်းလေ့ကျင့်စုဖွဲ့တပ်ဆင်ပြီး ချက်ခြင်းတိုက်ပွဲဝင်ခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ယခုအခါတပ်ပုံစံလေ့ကျင့်မှု၊ စုဖွဲ့မှု၊ ကွပ်ကဲမှုအဆင့်ဆင့် တာဝန်ပေးအပ်မှုတို့ကိုဆောင်ရွက်ရင်း တဖက်တွင် ဘဏ္ဍာရန်ပုံငွေနဲ့ စစ်လက်နက်ပစ္စည်းစုစည်းမှုတို့ကို အားပြုလုပ်ဆောင်နေသည်”လို့ MODက ပြောထားပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ်လေးနှစ်အတွင်းမှာ အခုနှစ် သြဂုတ်လအထိကို မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ PDFတွေနဲ့ပကဖတို့က အပြည့်အဝစိုးမိုးအုပ်ချုပ်လျက်ရှိတဲ့ နယ်မြေတွေဟာ တနိုင်ငံလုံးရှိမြို့နယ်စုစုပေါင်း ၁၆ရာခိုင်နှုန်းရှိပြီး ဝိုင်းဝန်းပိတ်ဆို့ထားတဲ့နယ်မြေဟာ မြို့နယ်စုစုပေါင်း ၂၄ရခိုင်နှုန်းရှိကြောင်းနဲ့ မြို့နယ်စုစုပေါင်းရဲ့ ၂၁ရာခိုင်နှုန်းမှာ တော်လှန်စစ်ဖြစ်ပွားနေတယ်လို့ MODအစီရင်ခံစာမှာဖော်ြပပါတယ်။
စစ်အုပ်စုဟာ မြို့နယ်စုစုပေါင်းရဲ့ ၃၉ရာခိုင်နှုန်းကိုသာ လက်နက်နဲ့စိုးမိုးဖိနှိပ်အုပ်ချုပ်နေဆဲဖြစ်တယ်လို့လည်း ပြောထားပါတယ်။
လက်ရှိမှာ PDFတပ်ရင်းတပ်ဖွဲ့ စုစုပေါင်း (၃၅၆)ဖွဲ့ကိုထူထောင်ထားပြီး အမိန့်ပေးကွပ်ကဲမှုစနစ်တည်ဆောက်ရာမှာ စစ်ရုံးချုပ်၊ တိုင်းစစ်ဌာန၊ ခရိုင်စစ်ဌာန/နည်းဗျူဟာနဲ့ တပ်ရင်းတပ်ဖွဲ့ဆိုပြီး အဓိကကွပ်ကဲမှုအဆင့်လေးဆင့်နဲ့ သွားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် NUG၊ MODရဲ့ ပြည်သူ့ခုခံတွန်းလှစ်စစ်လေးနှစ်ပြည့် သံန္နိဌာန်ထဲမှာ စစ်အုပ်စုကအခုနှစ်ကုန်မှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဟာ အရာထင်မှာမဟုတ်ဘဲ တော်လှန်ရေးအင်အားစုတွေကိုပိုမိုစုစည်း ညီညွတ်စေပြီး ပိုမိုပြင်းထန်တဲ့ပြည့်သူ့ခုခံတွန်းစစ်နဲ့တုန့်ပြန်ဖို့ တွန်းအားဖြစ်စေလိမ့်မှာဖြစ်ကြောင်းနဲ့ မဟာမိတ်အင်အားစုတွေနဲ့ ကျောချင်းကပ်ပြီး တော်လှန်ရေးပန်းတိုင်မရောက်မချင်း ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောထားပါတယ်။







Comments