ကွပ်ကဲမှုအောက်မရောက်သေးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို NUGဖိတ်ခေါ်
- BVJ

- Mar 26
- 1 min read
ယူဂရင်း/BVJ_မတ် ၂၆၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မရောက်ရှိသေးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ကွပ်ကဲမှုအောက် တာဝန်ထမ်းဆောင်ဖို့ဖြစ်စေ၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ဖို့ဖြစ်စေ အစဉ်အမြဲ ကြိုဆိုတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မတ်လ ၂၆ရက်မှာ ထုတ်ပြန်ပါတယ်။
အခုမတ်လ ၂၀ရက်မှာ စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)က NUG ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တပ်ရင်းတွေအဖြစ် ကူးပြောင်းရပ်တည်ပြီး အမှတ် (၁) စစ်ဒေသကွပ်ကဲမှုကို ခံယူခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာကြေညာပါတယ်။
NLAဟာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့မှာ Myanmar Federal Army (MFA) နာမည်နဲ့ ပထမဆုံးတိုက်ပွဲကိုတိုက်ခိုက်ခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးတပ်တော် (National Liberation Army-NLA) အဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လ (၅) ရက်နေ့မှာ စတင်ပြောင်းလဲဖွဲ့စည်းခဲ့ကာ ဒီနေ့အချိန်မှာတော့ PDF တပ်ရင်းတွေအဖြစ် ဆက်လက်တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းနဲ့ ကွပ်ကဲမှုအောက်မရှိသေးတဲ့ တခြားဒေသကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း ကြိုဆိုကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတာပါ။

NLAဟာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု-SRAအဖွဲ့ဝင်တပ်ဖွဲ့တခုလည်းဖြစ်ပြီး ဒီမတ်လ ပထမပါတ်အတွင်းမှာပဲ NLAကခေါင်းဆောင်အရာရှိတစ်ဦးအပါအဝင် စုစုပေါင်း ငါးဦးကို NUGရဲ့အမှတ် (၁) စစ်ဒေသကွပ်ကဲမှုကဖမ်းဆီးထိန်းသိမ်းခဲ့တဲ့သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ အဲ့ဒီနောက် NLAအနေနဲ့ကွပ်ကဲမှုအောက်ကိုပူးပေါင်းလာကြောင်း NUGကအခုလိုကြေညာလာတာပါ။
အခု မတ်လ ၁၉ရက်မှာလည်း မန္တလေးအခြေစိုက် မတ္တရာမျိုးမှန်တပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ကွပ်ကဲမှုကိုခံယူခဲ့ကြောင်း NUGက ထုတ်ပြန်ခဲ့ပါသေးတယ်။
မတ္တရာမျိုးမှန်တပ်ဖွဲ့ဟာ မန္တလေးတိုင်း၊ မတ္တရာအခြေပြု ဒေသကာကွယ်ရေးတပ်တခုဖြစ်ပြီး ရှမ်းမန်း စစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်တို့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေနဲ့အတူ အတူတိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့တခုဖြစ်တယ်လို့လည်း သိရပါတယ်။

NUG MOD ကွပ်ကဲမှုအောက်မရောက်ရှိသေးတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကိုလည်း ကွပ်ကဲမှုအောက်ရောက်ရှိရေး ဆက်လက်စည်းရုံးသွားမှာဖြစ်သလို ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း အစဉ်အမြဲကြိုဆို စည်းရုံးတယ်လို့လည်း NUGကထုတ်ပြန်ထားပါတယ်။




Comments