ဒေါက်တာဆာဆာ၊ဒေါ်ခင်မမမျိုးတို့ ဦးဆောင်တဲ့ဌာနနှစ်ခုအပါအဝင် NUGဝန်ကြီးဌာနငါးခု လျှော့ချဖို့စီစဥ်ထား
- BVJ

- Nov 14
- 1 min read
အေတီ/BVJ_ နိုဝင်ဘာ ၁၄၊ ၂၀၂၅

ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်နေတယ်ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဝန်ကြီးဌာန ၁၇ ခုထဲက ဝန်ကြီးဌာန ၅ခုကိုလျှော့ချဖို့စီစဥ်ထားပြီးပြီ လို့ သတင်းရရှိပါတယ်။
NUGအစိုးရက လျှော့ချဖို့စီစဥ်ထားတဲ့ ဝန်ကြီးဌာန ၅ခုဟာ (၁)-ဒေါက်တာဆာဆာဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန (MOIC)၊ (၂)-ဦးထင်လင်းအောင်ဦး ဆောင်တဲ့ ဆက်သွယ်ရေး၊သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန (MOCIT)၊(၃)-ဒေါ်ခင်မမမျိုးဦးဆောင်တဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOC)၊ (၄)-ဦးနိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏဦးဆောင်တဲ့ အလုပ်သမားဝန်ကြီးဌာန(MOL)၊(၅)-နော်စူဆန်နာလှလှစိုး ဦးဆောင်တဲ့ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန(MOWYCA) တို့ဖြစ်ကြောင်း NUG အစိုးရအဖွဲ့ တာဝန်ရှိတဲ့သူတစ်ဦးက Burma VJကိုအတည်ပြုပါတယ်။
ဝန်ကြီးဌာနအချို့ကို ဦးစီးဌာနအဖြစ်ပြောင်းလဲပစ်ဖို့စီစဥ်နေပြီး ဦးစီးဌာန ဘယ်နှစ်ခုဆ က်ထားမယ်ဆိုတာနဲ့ ဘယ်ဝန်ကြီးဌာနအောက်မှာဆက်ထားမလဲဆိုတာတွေကိုတော့ ညှိနှိုင်းနေဆဲလို့သိရပါတယ်။ နော်စူဆန်နာလှလှစိုး နဲ့ ဒေါ်အိသဥ္ဇာမောင်တို့ ဦးဆောင်တဲ့ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ကိုတော့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အောက်ထဲကိုပို့မယ်လို့ သတင်းရရှိပါတယ်။

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ် ဧပြီလ ၁၆ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ်မန်းဝင်း ခိုင်သန်းတို့က လက်တွေ့ဦးဆောင်နေတာပါ။ ကာကွယ်ရေးဝန်ကြီး ဌာန၊ကျန်းမာ ရေးဝန်ကြီး ဌာန၊ပညာရေးဝန်ကြီးဌာန၊ဖယ်ဒရယ်ရေးရာဝန်ကြီးဌာနအပါအဝင် အနည်းဆုံးဝန်ကြီး ဌာန ၈ ခုဟာ မြန်မာပြည်တွင်းက လွတ်မြောက်နယ်မြေတွေမှာရုံးစိုက်ထားပြီး လည်ပတ်နေပါတယ်။
ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန (MOCIT)ကဦးဆောင်ပြီး ၂၀၂၁ဩဂုတ်လကစတင်ထုတ်လွှင့်ခဲ့တဲ့ Radio NUG ဟာလည်း ဘဏ္ဍာရေးအခက်အခဲကြောင့် ၂၀၂၅ခုနှစ်၊နိုဝင်ဘာ ၇ ရက်နေ့က တရားဝင်ရပ်နားခဲ့ပါတယ်။







Comments