NUGဝန်ကြီးတွေရဲ့လုပ်ဆောင်ချက်တွေ တော်တော်ကောင်းတယ်လို့ NUGယာယီသမ္မတ ပြော
- BVJ

- Aug 1
- 1 min read
ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီကိုမျက်ခြေမပြတ်ဖို့ မှာ
ယူဂရင်း/BVJ_ သြဂုတ် ၁၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးတွေရဲ့လုပ်ဆောင်ချက်တွေ တော်တော်ကောင်းတယ်လို့ခံယူကြောင်း ဇူလိုင် ၂၉ရက်ကလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားပါတယ်။
တော်တော်ကောင်းပေမယ့်လည်း ပိုကောင်းအောင်လုပ်ရမယ်လို့လည်း ယာယီသမ္မတက မှာပါတယ်။
“အခုချိန်ထိ ဝန်ကြီးတွေရဲ့လုပ်ဆောင်ချက်တွေ တော်တော်ကောင်းတယ်လို့ပဲ ကျနော်ခံယူကြောင်း၊ ဒါပေမယ့် ပိုမိုကောင်းမွန်လာအောင် လုပ်ရမှာဖြစ်ကြောင်း၊ ဘယ်ဟာမှအတည်တကျ မရွေ့မပြောင်း မပြောင်းမလဲ ရှိတာတော့မဟုတ်ကြောင်း၊ လောကမှာတော့ကောင်းတာကနေ ပိုပို ကောင်းလာအောင်ကျနော်တို့ အမြဲတမ်းသွားနေရတဲ့ ကမ္ဘာဖြစ်ကြောင်း” NUGကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့နဲ့ ပတ်သက်ပြီး ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောခဲ့တာပါ။
NUGဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဝန်ကြီးတချို့က စစ်ကိုင်း၊ မကွေးဘက်ခရီးတွေ ဆန့်နိုင်နေကြပြီဖြစ်ကြောင်းနဲ့ စိုးမိုးထိန်းချုပ်နေရာတွေကို ပိုအားစိုက်ကြဖို့ ပြောပါတယ်။
“ဒီနေရာမှာ မြေပြင်ပကတိအခြေအနေဆိုတာ စစ်ကိုင်း၊ မကွေး သက်သက်ကို ညွှန်းတာတော့ မဟုတ်ဘူးဆိုတာ နားလည်ကြရမှာဖြစ်ပါတယ်။ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမှာ ပိုအားစိုက်ကြရမှာဖြစ်သလို မျက်ခြေပြတ်ခံလို့မရတဲ့ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ စတဲ့ဒေသတွေကိုလည်း လစ်လျူရှုလို့ မရပါဘူး”လို့ ဝန်ကြီးချုပ်က အစည်းအဝေးမှာပြောပါတယ်။

NUGယာယီသမ္မတ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ အတွင်းဝန် ဒေါ်နော်ထီးခူ၊ ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်၊ သမ္မတရုံးအတွင်းဝန် ဦးဘရန်း၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးကွမ်မင်းတို့အဖွဲ့ဟာ NUGထိန်းချုပ်နယ်မြေတွေကိုသွားပြီး ဒေသခံပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေနဲ့တွေ့ဆုံခဲ့ကြောင်း ပြီးခဲ့တဲ့ရက် ဇူလိုင် ၃၀ရက်မှာ NUGကသတင်းထုတ်ပြန်ထားပါသေးတယ်။
ပုံစာ-ယာယီသမ္မတနဲ့ဝန်ကြီးများ မြေပြင်ခရီးစဉ်သွားနေပုံ(ဓါတ်ပုံ-NUG)







Comments