စစ်ရေး၊နိုင်ငံရေး ဟန်ချက်ညီတိုက်ပွဲဝင်ဖို့ NUGတိုက်တွန်း
- BVJ

- Feb 12
- 1 min read
အယ်နာ/BVJ_ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆

တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီးကို တည်ဆောက်နိုင်ရေးအတွက် စစ်ရေး၊နိုင်ငံရေးအရ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ဆိုပြီး ဒီနေ့မှာကျရောက်တဲ့ (၇၉)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUGက တိုက်တွန်းလိုက်ပါတယ်။
NUGအနေနဲ့ တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့အတူ အပြန်အလှန် ယုံကြည်မှု၊ လေးစားတန်ဖိုးထားမှုတို့နဲ့ လက်တွဲညီညီချီတက်နေကြောင်းနဲ့ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေး၊ လူမျိုးကြီးဝါဒနဲ့ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒတိုက်ဖျက်ရေးတို့ကို အလေးအနက် သန္နိဋ္ဌာန်ပြုကြောင်းလည်း ပြောထားပါတယ်။
NUGဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းကလည်း “ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးဟာ ကျွန်တော်တို့ဒီခေတ်မှာပဲ အောင်မြင်စွာပြီးဆုံးနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်တွေလက်ထဲကို ရေခံမြေခံကောင်းပြီး၊ အစွမ်းကုန်တိုးတက်ဖို့ တာဆူနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး ထည့်ပေးနိုင်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်”လို့ ဒီနေ့အခမ်းအနားမှာပြောပါတယ်။
ပိုပြီးစုစုစည်းစည်းနဲ့ခရီးနှင်နိုင်ရင် ခရီးပိုပေါက်မှာဖြစ်ကြောင်းနဲ့ NUGအစိုးရ၊ မဟာမိတ်ခေါင်းဆောင်ကြီးတွေ၊ တော်လှန်ရေးအစုအဖွဲ့တွေအားလုံးဟာလည်း အချိန်ပေးပြီး တွေ့ဆုံဆွေးနွေးရေးတွေကို ခပ်စိတ်စိတ်လုပ်နေကြတာဖြစ်သလို တဖက်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်နေကြသလို တဖက်မှာလည်း စစ်ရေးကဏ္ဍကိုအရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေတယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
ဒါ့အပြင် NUGဝန်ကြီးချုပ်က “အရေးတော်ပုံအောင်နေပါပြီ”လို့လည်း အဆုံးသတ်မှာပြောခဲ့ပါတယ်။




Comments