top of page

လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး အဆင်ပြေအောင်ညှိနှိုင်းဖို့ NUGနဲ့မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ သဘောတူ

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

မိုနာ/BVJ_ဧပြီ ၃၊ ၂၀၂၆

ပေါက်နဲ့မြိုင်ဒေသခံများ ဧပြီ ၂ရက်က ဆန္ဒပြနေပုံ(ဓါတ်ပုံ-မြိုင်မြို့နယ်စစ်ကြောင်းသတင်းများ)
ပေါက်နဲ့မြိုင်ဒေသခံများ ဧပြီ ၂ရက်က ဆန္ဒပြနေပုံ(ဓါတ်ပုံ-မြိုင်မြို့နယ်စစ်ကြောင်းသတင်းများ)

လက်ရှိ မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နဲ့ပေါက်မြို့နယ်အတွင်းရှိ သဘာဝသယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တာဝန်ရှိခေါင်းဆောင်တွေ မနေ့က ဧပြီ ၂ရက်မှာအွန်လိုင်းကနေဆွေးနွေးခဲ့ကြပေမယ့် ပြေလည်မှုမရသေးဘူးလို့ သိရပါတယ်။


ပခုက္ကူခရိုင်အတွင်းက ရေနံတွင်းနဲ့ရေနံမှော်တွေရှိရာဒေသကို NUG၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်က PDF ရဲဘော်တွေကအင်အားအလုံးအရင်းနဲ့ ပြီးခဲ့တဲ့ မတ်လ ၃၀ရက်ကဝင်ရောက်လာတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေရှိပြီးနောက်မှာ အခုလိုဆွေးနွေးမှုတွေဖြစ်ပေါ်လာတာပါ။


မနေ့ကအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ၊ ဒုတိယဥက္ကဌနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတာလို့ NUGက ညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။


ဆွေးနွေးမှုအတွင်းမှာ တော်လှန်ရေးနဲ့ပြည်သူလူထုကို မထိခိုက်စေတဲ့နည်းနာတွေနဲ့ အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ကြရေး၊ မြေပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို နားလည်မှုလွဲစေနိုင်တဲ့ စစ်အုပ်စုအကြိုက်တွေ့စေမယ့်ရေးသားမှုတွေ၊ ထုတ်ပြန်မှုတွေကိုမပြုလုပ်ကြရေးနဲ့ ပြဿနာကိုပိုမိုကြီးထွားစေတဲ့ဆောင်ရွက်ချက်တွေကိုလည်း ထိန်းကျောင်းကြဖို့တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


ဒါပေမယ့် အခုအစည်းအဝေးမှာမပြီးပြတ်ခဲ့ဘဲ စဉ်ဆက်မပြတ်ဆက်လက်ဆွေးနွေးသွားဖို့ဆိုပြီးသဘောတူခဲ့ကြတယ်လို့ NUGက ထုတ်ပြန်ထားပါတယ်။


“ပြည်ထောင်စုအစိုးရ နှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရအကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး(Division of competences)နှင့် ဆက်နွယ်နေသောကိစ္စရပ်များဖြစ်သဖြင့် ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ယူနစ်အကြား ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအတူတကွတည်ဆောက်နိုင်ရေးဦးတည်ချက်ဖြင့် အဆင်ပြေမှုရရှိသည်အထိ စဉ်ဆက်မပြတ်ဆက်လက်ညှိနှိုင်းဆွေးနွေးသွားကြရန်လည်း သဘောတူဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်”လို့ NUGကဖော်ပြပါတယ်။

ဒီအစည်းအဝေးမတိုင်ခင်အထိ မကွေးယူနစ်အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ယာကို NUGကဖမ်းဆီးမယ်ဆိုပြီးလည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီသတင်းတွေဟာမဟုတ်မှန်ဘူးလို့ ဝန်ကြီးချုပ်ဒေါက်တာရဲထွန်းဇော်က MFPသတင်းဌာနကိုဖြေထားတာကိုတွေ့ရပါတယ်။


ဒါ့အပြင် မနေ့ ဧပြီ၂ရက်နေ့ ညနေပိုင်းမှာလည်း ပေါက်နဲ့မြိုင် ရေနံမှော်ဒေသမှာ လုပ်ကိုင်စားသောက်ကြတဲ့ဒေသခံအပါအဝင် ကျေးရွာလေးရွာခန့်ကဒေသခံတွေဟာ "NUG အစိုးရပြုပြင်ရေး၊ စစ်အနိုင်တိုက်ရေး၊ စစ်ဆင်ရေးမရှိဘဲ ဒီဒေသမှာ PDF အင်အားထောင်ချီသုံးတာ ဘာလုပ်ဖို့လဲ”စတာတွေကိုကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ပေါက်နဲ့မြိုင်ဒေသခံများ ဧပြီ ၂ရက်က ဆန္ဒပြနေပုံ(ဓါတ်ပုံ-မြိုင်မြို့နယ်စစ်ကြောင်းသတင်းများ)
ပေါက်နဲ့မြိုင်ဒေသခံများ ဧပြီ ၂ရက်က ဆန္ဒပြနေပုံ(ဓါတ်ပုံ-မြိုင်မြို့နယ်စစ်ကြောင်းသတင်းများ)

မြိုင်ပကဖကတော့ မြိုင်မြို့နယ်တွင်းနဲ့အခြားထိစပ်မြို့နယ်တွေမှာ မလိုလားအပ်တဲ့အကြောင်းချင်းရာတွေဖြစ်ပွားနေတဲ့အတွက် မည်သည့်အဖွဲ့အစည်း၊လူပုဂ္ဂိုလ်မဆို စစ်ကောင်စီစစ်ကြောင်း(သို့)လှုပ်ရှားမှုမရှိဘဲ လက်နက်ကိုင်မသွားလာဖို့၊ ကျေးရွာ(သို့)ဇုန်၊တိုက်နယ်တွေက စစ်‌ဆေးရင်ကြည်ဖြူစွာလက်ခံဖို့၊ ထိစပ်မြို့နယ်တွေမှာ လှုပ်ရှားသယ်ဆောင်လာတဲ့ လက်နက်၊ခဲယမ်းတွေကိုစစ်ဆေးရင် မည်သူမဆိုကြည်ဖြူစွာလက်ခံဖို့နဲ့ ပြေပြစ်ချေငံတဲ့သဘောမရှိရင် ပစ်ခတ်တိုက်ခြင်းကိုအသုံးပြုသွားဖို့ဆိုတာတွေကို မတ်လ ၃၀ရက်မှာထုတ်ပြန်ထားပါတယ်။


ပခုက္ကူခရိုင်အတွင်းရှိ ရေနံထွက်ရှိရာဒေသတွေမှာဖြစ်ပါ်နေတဲ့ တင်းမာမူနဲ့ပတ်သက်ပြီး လက်နက်နဲ့မဖြေရှင်းဘဲ နှစ်ဖက်ညှိနှိုင်းဆွေးနွေးကြဖို့ဆိုပြီး ဒေသတွင်းအဖွဲ့အစည်းတွေကလည်း ထုတ်ပြန်ထားကြပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page