ဒေါ်ကြည်ပြာအမှုအပေါ် NUGဝန်ကြီးချုပ်ရုံးဆုံးဖြတ်ချက်ကို တိုင်ကြားသူတွေနဲ့CDMတွေကန့်ကွက်
- BVJ

- Feb 20
- 1 min read
◾️MODအောက်က တပ်ရင်းတပ်ဖွဲ့တွေကိုထောက်ပို့မှုပါ ရက်အကန့်အသတ်မရှိရပ်ဆိုင်း
အယ်နာ/BVJ_ဖေဖော်ဝါရီ ၂၀ ၊၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ-NUGခေါင်းစဉ်အောက်ကနေဆောင်ရွက်နေတဲ့ တက္ကသိုလ်ဝင်ခွင့် စတုတ္ထအကြိမ်ခေါ်ဆိုခြင်း လုပ်ငန်းစဉ်အားလုံးကို မနေ့က ဖေဖော်ဝါရီ ၁၉ ရက်ကစပြီးရပ်ဆိုင်းတယ်လို့ NUGရဲ့ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ကြေညာပါတယ်။
NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာအပေါ် ဝန်ထမ်းဟောင်းတွေကတိုင်ကြားထားတဲ့အမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ရုံးကဆုံးဖြတ်ချက်အပေါ် မကျေနပ်တာကြောင့် အခုလိုဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒေါ်ကြည်ပြာအမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တာဝန်ယူမှု၊တာဝန်ခံမှုကင်းမဲ့ပြီး ယုံကြည်အားကိုးရတဲ့အစိုးရတစ်ရပ်အပေါ် စိတ်ပျက်ဖွယ်အခြေအနေဖြစ်ခဲ့တဲ့အတွက် တစ်စုံတစ်ရာ ကျေနပ်မှုမရမချင်း တက္ကသိုလ်ဝင်ခွင့် စတုတ္တအကြိမ် ခေါ်ဆိုခြင်းလုပ်ငန်းစဉ်တွေကိုရပ်ဆိုင်းတယ်လို့ ရေးထားပါတယ်။
သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေဟာ ယုံကြည်လက်ခံဖွယ်ရာမရှိကြောင်း ၊ ကျူးလွန်ခံရသူ CDM ဝန်ထမ်းတွေနဲ့တသားတည်းရပ်တည်ပြီး မိမိတို့အပေါ်ကျူးလွန်တဲ့မတရားမှုတွေအဖြစ် ထပ်တူခံစားရကြောင်းနဲ့ NUG အစိုးရအနေနဲ့ စစ်ဆေးခဲ့တဲ့ စစ်ဆေးချက်တွေ ၊ သက်သေခံချက်တွေကို အများပြည်သူပွင့်လင်းမြင်သာရှိအောင် ထုတ်ပြန်ပေးဖို့နဲ့ သက်သေခံချက်တွေနဲ့ စုံစမ်းစစ်ဆေးတဲ့ဖြစ်စဉ်တွေမှာ လိုအပ်ချက်တွေရှိခဲ့ရင်လည်းပြန်စစ်ဆေးဖို့တောင်းဆိုထားပါတယ်။
"ဒီလုပ်ရပ်ဟာ CDM တွေအတွက် လုံခြုံမှုမရှိ ၊ အကာအကွယ်ပေးခြင်းမရှိဘူးလို့ခံစားရတယ် ။ မကူညီဘဲထိုးချနေတယ်လို့ခံစားရတဲ့အပြင် ယုံကြည်အားကိုးနေမိတဲ့ ဆရာကြီးဇော်ပါနေတာတောင် ဒီလိုကြီးဖြစ်ရလားဆိုတဲ့အတွေးနဲ့ စိတ်ပျက်မိနေတာ ၊ ပညာရေးတော့မပြောတတ်ဘူး ကျန်းမာရေးကဝန်ထမ်းတွေတော့ CDMလုပ်ကြတယ် " လို့ CDMလုပ်ထားတဲ့ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးက BVJ ကိုပြောပါတယ်။
လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်းကလည်း NUG ဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာသတင်းနဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေကို တိုင်ကြားသူ ယာယကံရှင်တွေဆီပို့ပေးဖို့ ၊ သတင်းစာရှင်းလင်းပွဲတစ်ခု အမြန်ဆုံးပြုလုပ်ဖို့ ၊ နစ်နာသူတွေအတွက် တရားမျှတမှုရရှိရေး အမြန်ဆုံးဆောင်ရွက်ဖို့ စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။

ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူဦးညီညီမင်းတို့ကို တိုင်ကြားထားသူ ၁၉ဦးထဲက ၁၂ဦးဟာလည်း ဝန်ကြီးချုပ်ရုံးဆုံးဖြတ်ချက်ကို အချက်သုံးချက်နဲ့ကန့်ကွက်ကြောင်းပြောထားပါတယ်။
အဲ့ဒီအချက်သုံးချက်ထဲမှာ ဝန်ကြီးချုပ်ရုံးကိုလိပ်မူထားပေမယ့်မရောက်ရှိဘူးဆိုတဲ့အချက်၊ အဂတိလိုက်စားမှုကိုသက်သေမပြနိုင်ဘဲ နှုတ်မချိုသာမှုသာဖြစ်တယ်ဆိုတဲ့အချက်နဲ့ ပြစ်ဒဏ်ချမှတ်မှုအပိုင်းတို့ပါဝင်ပြီး ဘာကြောင့်ကန့်ကွက်ရလဲဆိုတာ ရှင်းပြထားပါတယ်။
“ဒီထုတ်ပြန်ချက်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့ပြီး ပြီးစလွယ်လုပ်ဆောင်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ (၁၂) ဦးကပြတ်ပြတ်သားသား ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်နေတာမဟုတ်ဘဲ အစိုးရယန္တရားအတွင်းမှာအဂတိကင်းစင်ပြီးတရားမျှတတဲ့ စနစ်တစ်ခုဖြစ်ထွန်းလာဖို့ကိုသာ အစဉ်တစိုက်ရပ်တည်တောင်းဆိုနေတာဖြစ်ပါတယ်”လို့ တိုင်ကြားထားတဲ့ ၁၂ယောက်က ပြောထားပါတယ်။
အလားတူပဲ NUGကာကွယ်ရေးဝန်ကြီးဌာနကအောက်က တပ်ရင်းတွေကိုထောက်ပို့နေတဲ့ ဒို့ခတ်အဖွဲ့ကလည်း ဝန်ကြီးချုပ်ရုံးဆုံးဖြတ်ချက်ကိုလုံးဝယုံကြည်ခြင်းမရှိတာကြောင့် တပ်ရင်းတပ်ဖွဲ့တွေ ထောက်ပို့မှုကိုရက်အကန့်အသတ်မရှိရပ်ဆိုင်းတယ်လို့ မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ဟာ လူ့အခွင့်အရေးချိုးဖောက်မှု၊ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ ဝန်ထမ်းတွေအပေါ် မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်မှုတွေလုပ်လို့ဆိုပြီး ဝန်ကြီးချုပ်ရုံးဝန်ထမ်းဟောင်း (၁၉)ဦးက ပြီးခဲ့တဲ့ ၂၀၂၅၊ နိုဝင်ဘာ၁၉ရက်ကတိုင်ကြားခဲ့တာပါ။
အဲ့ဒီနောက် ဒေါက်တာဇော်ဝေစိုးဦးဆောင်တဲ့အဖွဲ့က အဲ့ဒီတိုင်ကြားစာကိုစစ်ဆေးပြီး အခုသုံးလအကြာမှာတော့ ဝန်ကြီးချုပ်ရုံးရဲ့ဆုံးဖြတ်ချက်ထွက်လာတာဖြစ်ပါတယ်။
ဒါပေမယ့် ဒေါ်ကြည်ပြာအမှုဆုံးဖြတ်ချက်ကိုထုတ်ပြန်တဲ့အချိန်ဟာ ဗိုလ်နဂါးကစစ်အုပ်စုဆီအလင်းဝင်သွားတဲ့အချိန်နဲ့တိုက်ဆိုင်နေတာကြောင့် ဒီပေါ်မှာလည်း ဝေဖန်မှုရှိနေသလို အမှုဆုံးဖြတ်ချက်အပေါ်မှာလည်း လက်မခံဘဲကန့်ကွက်နေကြတာဖြစ်ပါတယ်။
အခုလ ဖေဖော်ဝါရီ ၁၈ရက်ညမှာ ထုတ်ပြန်တဲ့ဝန်ကြီးချုပ်ရုံးဆုံးဖြတ်ချက်ထဲမှာ ဒေါ်ကြည်ပြာမှာအဂတိလိုက်စားတာမတွေ့ရကြောင်းနဲ့ ဝန်ထမ်းတွေအပေါ် ချိုချိုသာသာပြောဆိုဆက်ဆံမှုမပြုတာကိုတော့ တွေ့ရှိရတဲ့အတွက် ဝန်ထမ်းတွေကိုချိုသာပြောဆိုဆက်ဆံဖို့အတွက်သာ ပြင်းထန်စွာသတိပေးခဲ့ကြောင်း ဖော်ပြပါတယ်။




Comments