လက်ရှိနွေဦးတော်လှန်ရေးမှာ KIO/KIAကရှေ့တန်းကဦးဆောင်နေတဲ့အပေါ် အသိအမှတ်ပြု ဂုဏ်ယူကြောင်း NUGသဝဏ်လွှာပို့
- BVJ

- Feb 5
- 1 min read
မိုနာ/BVJ_ဖေဖော်ဝါရီ ၅၊ ၂၀၂၆

ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) အနေနဲ့ ရှေ့တန်းကနေပြီး နွေဦးတော်လှန်ရေးမှာဦးဆောင်နေတဲ့အပေါ် အသိအမှတ်ပြုဂုဏ်ယူတယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၅ရက်မှာကျရောက်တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGက သဝဏ်လွှာပေးပို့လိုက်ပါတယ်။
“လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးတွင်လည်း ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA)အနေဖြင့် ရှေ့တန်းမှနေ၍ ဦးဆောင်ပါဝင်နေပြီး ခိုင်မာသည့် မူဝါဒရှိသော တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူလျက်ရှိပါသည်”လို့ NUGရဲ့သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် NUGအနေနဲ့လည်း စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ပန်းတိုင်ကိုရောက်တဲ့အထိ မဟာမိတ်ကချင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူလက်တွဲပြီး ဆုံးခန်းတိုင် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိပြုထားပါတယ်။
လွန်ခဲ့တဲ့ ၆၅နှစ်တာကာလအတွင်းမှာလည်း ပင်လုံကတိကဝတ်တွေနဲ့အညီ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက်တိုက်ပွဲဝင်ရင်း ကချင်အမျိုးသားတွေရဲ့ပေးဆပ်နစ်နာဆုံးရှုံးမှုတွေနဲ့ တော်လှန်ရေးတလျောက်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ အိုးအိမ်စွန့်လွှတ်ခဲ့ရတဲ့ ကချင်စစ်ဘေးရှောင်ပြည်သူတွေ အယောက်စီတိုင်းအတွက်လည်း တရားမျှတမှုပြန်လည်ရရှိဖို့ NUGအနေနဲ့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မယ်လို့လည်း ပြောထားပါတယ်။







Comments