NUG၊ KIAနဲ့ ချင်းညီနောင်ခေါင်းဆောင်တွေ တွေ့ဆုံ
- BVJ

- Aug 8
- 1 min read
BVJ/ ဇော် - ဩဂုတ် ၈၊ ၂၀၂၅

NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO/KIA) ဒုတိယဗိုလ်ချုပ်ကြီး ဒေါက်တာဂွမ်မော်တို့နဲ့ ချင်းလက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့ ဖွဲ့စည်းထားတဲ့ ချင်းညီနောင်အဖွဲ့ (CB) က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ဝင်တွေက ဒီနေ့မှာအသိပေးထုတ်ပြန်လာပါတယ်။
တွေ့ဆုံမှုက ဘယ်ရက်ကလဲဆိုတာ မဖော်ပြထားပေမယ့် အဲ့ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကလည်း ဒီနေ့ ဩဂုတ်လ ၈ ရက်မှာ သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
ဆလိုင်းတင်မီက ချင်းညီနောင်တပ်ဖွဲ့ (CB) နဲ့ပတ်သက်တဲ့ တော်လှန်ရေးခရီးစဉ်နဲ့ပတ်သက်ပြီး ၂၀၂၁ ခုနှစ်တည်းက လက်နက်စကိုင်တဲ့ ၄ နှစ်သားအရွယ်တွေအတွက် မှတ်ကျောက်တစ်ခုဖြစ်ကြောင်း၊ သင်ယူလေ့လာစရာတွေအများကြီးတွေ့ကြောင်းနဲ့ စည်းလုံးကြဖို့ကို ရေးသားဖော်ပြထားပါတယ်။
“ဒီခရီးစဉ်က ဘယ်အဖွဲ့ကိုမှ ထိခိုက်နစ်နာစေတဲ့ ခရီးစဉ်မဟုတ်ပါဘူး။ ဒီထက်စည်းလုံးကြဖို့ ဒီထက်ကြိုးစားကြဖို့ သင်ခန်းစာတွေရခဲ့တဲ့ ခရီးစဉ်ပါပဲ။ နောက်ယခုခေတ်က Transparent ရှိရှိ အလုပ်လုပ်ရမယ့်ခေတ်ဖြစ်တယ်။ ဘယ်အရာမဆိုဖုံးကွယ်လို့ မရပါဘူး။ လူတွေကို လိမ်နေလို့ရတဲ့ခေတ်မဟုတ်တော့ဘူး။ လမ်းတွေပွင့်လာပြီ။ ရှေ့ဆက်ပြီး အားလုံးပူးပေါင်းလုပ်ဆောင်ကြရမှာပဲ” လို့ ဆလိုင်းတင်မီက ရေးသားထားပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ရဲ့အမှာစကားကတော့ “ချင်းဆိုတဲ့ နွားလှည်းကြီးကို CB နဲ့ CNF ဆိုတဲ့ နွားသိုးကြီးနှစ်ကောင်က ဆွဲရမှာပဲ။ အဲ့လိုဆွဲလို့ရအောင် လှည်းပေါ်ကနေ နဖားကြိုးနဲ့ မောင်းပေးမည့်လူတော့လိုတယ်” ဆိုပြီး ဆလိုင်းတင်မီက ရေးသားဖော်ပြထားပါတယ်။

ချင်းညီနောင်အဖွဲ့ (CB)ဟာ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တို့ ပူးပေါင်းဖွဲ့စည်းထားတာပါ။
လက်ရှိမှာတော့ ချင်းပြည်နယ်ထဲက ကန်ပက်လက်မြို့၊ မင်းတပ်မြို့၊ ကျင်ဒွေးမြို့၊ ဖလမ်းမြို့နဲ့ မတူပီမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခတပ်တော်-AAအပါအဝင် အညာဒေသကတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
NUG ယာယီသမ္မတ၊ KIO/KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ ချင်းညီနောင်ခေါင်းဆောင်တွေ တွေ့ဆုံနေပုံ(ဓါတ်ပုံ- ဆလိုင်းတင်မီ)







Comments