NUGဆေးရုံဗုံးကြဲခံရပြီး ဆရာဝန်တစ်ဦးအပါ ကျန်းမာရေးဝန်ထမ်း ၅ ဦးသေဆုံး

ယူဂရင်း/BVJ_နိုဝင်ဘာ ၅၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အရှေ့ခြမ်း လျှော်ဖြူကုန်းကျေးရွာကိုစစ်တပ်ကနေ မနေ့က နိုဝင်ဘာ ၄ရက်ည ၇နာရီခန့်မှာလေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တာကြောင့် ဒေသတွင်းဆေးကုသမှုပေးနေတဲ့ NUGဆေးရုံက ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်း ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းကသိရပါတယ်။
ဗုံးကြဲမှုအတွင်း ဆေးရုံမှာဆေးကုသနေတဲ့လူနာတွေနဲ့ဝန်ထမ်းတွေလည်း ထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ပြီး ထိခိုက်ထားသူတွေထဲ ကိုယ်လက်အင်္ဂါပြတ်တောက်ထားသူတွေလည်းရှိတယ်လို့ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
ဒေသတွင်းအခြေအနေကိုဖော်ပြနေတဲ့ Kawlin Revolution-KRကလည်း တိုက်ပွဲမရှိဘဲဗုံးလာကြဲတာဖြစ်ပြီး သေဆုံးသွားသူဟာ ဒေါက်တာဇာနည်ထွန်း(ခ)ပွကြီးအပါအဝင် ဝန်ထမ်း(၅)ဦးဖြစ်ပြီး ဆေးရုံမှာဆေးကုနေတဲ့ပြည်သူတွေထိခိုက်ဒဏ်ရာရထားတယ်လို့ ဒီနေ့ နိုဝင်ဘာ ၅ရက်နေ့လယ်မှာ အတည်ပြုထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ရှောင်လာသူတွေဖြစ်တဲ့ ကျောင်းကုန်းကျေးရွာက အသက် (၄၀)အရွယ် ဒေါ်သင်းသင်းလှ၊ ထီးချိုင့်ကနေစစ်ရှောင်လာတဲ့ အသက် (၃၀)အရွယ် ကိုကြက်ရိုးနဲ့ နောက်ထပ် အမည်မသိရသေးတဲ့ အမျိုးသားတစ်ဦးတို့ဟာလည်း နိုဝင်ဘာ ၃ရက်နေ့မှာ စစ်အုပ်စုစစ်ကြောင်းနဲ့တိုးပြီး အသတ်ခံလိုက်ရတယ်လို့ KRကပြောထားပါတယ်။
အဲ့ဒီထဲက သေဆုံးသူဒေါ်သင်းသင်းလှရဲ့အမျိုးသားဖြစ်သူ ဦးစက်ကြည်ကတော့ လက်မောင်းသေနတ်ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ကျောင်းကုန်းဘက်ကနေ ကောလင်းနယ်ဘက်ကို အင်အားအများအပြားနဲ့ထိုးစစ်ဆင်လာတာဖြစ်ပြီး လက်ရှိမှာ ဒိုးပင်၊ ကျွန်းတောကျေးရွာထဲမှာ တပ်စွဲထားတယ်လို့သိရပါတယ်။
ကောလင်းကဆေးရုံဗုံးကြဲခံရမှုနဲ့ပတ်သက်ပြီး စစ်အုပ်စုလော်ဘီတွေဘက်မှာတော့ ကောလင်းကNUG/PDFစစ်စခန်း(ဆေးရုံ)ကို လေကြောင်းကနေဗုံးတည့်တည့်ကြဲချနိုင်တဲ့အတွက် လူအများအပြားသေဆုံးကြောင်းကို ဖော်ပြနေကြပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ လက်လွှတ်ထားရတဲ့နယ်မြေတွေပြန်ရရေးအတွက် ရခိုင်ပြည်နယ် ကရင်နီပြည်၊ စစ်ကိုင်းနဲ့မကွေးတိုင်းအပါအဝင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်း၊ ဘုရားကျောင်း၊ဓမ္မာရုံတွေကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းထိုးတာတွေ တောက်လျောက်လုပ်နေတာဖြစ်ပါတယ်။




Comments