top of page

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပေါ် နောက်ထပ်ဖိအားတစ်ခု၊ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အမှုအတွက် နိုဝင်ဘာ ၁၉ ရက်မှာအမိန့်ချမှတ်မယ်

Writer: BVJ
BVJ
Nov 5
2 min read

နီသွင်/BVJ _ နိုဝင်ဘာ ၄၊ ၂၀၂၆

ကုလသမဂ္ဂရဲ့ ထိပ်တန်းတရားရုံး ICJက မြန်မာနိုင်ငံမှာ မွတ်စလင်အများစုဖြစ်တဲ့ ရိုဟင်ဂျာလူနည်းစုအပေါ် ဖြိုခွဲနှိမ်နင်းခဲ့တာတွေဟာ မျိုးတုံးသတ်ဖြတ်မှုမြောက်သလားဆိုတာနဲ့ပတ်သက်ပြီး သမိုင်းဝင်စီရင်ချက်တစ်ခုကို လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာအမိန့်ချမှတ်သွားတော့မယ်လို့ တာဝန်ရှိသူတွေကအင်္ဂါနေ့မှာပြောပါတယ်။


အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)ကတရားသူကြီးတွေဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံရဲ့ ရက်စက်တဲ့ နှိမ်နင်းမှုတွေဟာ ၁၉၄၈ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး သဘောတူညီချက်ကို ချိုးဖောက်ရာရောက်သလားဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေကို ၇ နှစ်ကြာ စိစစ်သုံးသပ်ခဲ့ကြတာပါ။


ICJ တရားရုံးမှာ စီရင်ချက်ကိုအတင်းအကျပ်အကောင်အထည်ဖော်ခိုင်းနိုင်တဲ့ လုပ်ပိုင်ခွင့်မရှိပေမဲ့ မြန်မာနိုင်ငံဟာ မျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ စီရင်ချက်ထွက်လာရင်တော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပေါ် နိုင်ငံတကာရဲ့ ဖိအားတွေပိုပြီးကျရောက်လာတော့မှာပါ။


သူဟာ ၂၀၂၁ စစ်အာဏာမသိမ်းခင် ရိုဟင်ဂျာတွေကိုနှိမ်နင်းစဉ်က စစ်တပ်ကိုကွပ်ကဲခဲ့သူဖြစ်ပြီး အဲဒီတုန်းက ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကန့်သတ်ချက်များစွာနဲ့ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲအပြီးမှာ သူ့ကိုယ်သူ အရပ်သားသမ္မတအဖြစ် ခံယူခဲ့ပြီး အသိအမှတ်ပြုမှုရဖို့ သံတမန်ရေးအရကြိုးပမ်းနေတာမို့ ဒီစီရင်ချက်ကြောင့်သူ့ရဲ့ ကြိုးပမ်းမှုတွေခက်ခဲသွားနိုင်ပါတယ်။ ဒါ့အပြင် ဒီစီရင်ချက်ဟာ ရာဇဝင်နဲ့ချီတဲ့ ရိုဟင်ဂျာရာပေါင်းများစွာအတွက် တရားမျှတမှုရရှိခြင်းလည်းဖြစ်လာနိုင်ပါတယ်။


နိုင်ငံအချင်းချင်းငြင်းခုံမှုတွေကိုဆုံးဖြတ်ပေးတဲ့ ICJ ရဲ့ အဆုံးအဖြတ်ကို ဥပဒေပညာရှင်တွေက စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးကို တောင်အာဖရိကကစွဲဆိုထားတဲ့ မျိုးတုံးသတ်ဖြတ်မှုအမှုကြီးမှာ တရားရုံးကဘယ်လိုအလှည့်အပြောင်းဆုံးဖြတ်မလဲဆိုတာ ဒီအမှုကနေအကဲခတ်နိုင်မှာမို့လို့ ဖြစ်ပါတယ်။


မြန်မာဘက်ကတော့ ရိုဟင်ဂျာတွေအပေါ် မျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာမရှိဘူးလို့အမြဲငြင်းဆိုခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေအပြီးမှာ အကြမ်းဖက်သူတွေရဲ့ လက်နက်ကိုင်ပုန်ကန်မှုကို တုံ့ပြန်တာပဲဖြစ်တယ်လို့ ICJ တရားရုံးမှာ ခုခံလျှောက်လဲခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးတွင် ပြုလုပ်သည့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နှစ်ပတ်ကြာစစ်ဆေးကြားနာပွဲ၌ မြန်မာစစ်အုပ်စု၏ သမ္မတရုံးဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက် ခုခံလျှောက်လဲစဉ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးတွင် ပြုလုပ်သည့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နှစ်ပတ်ကြာစစ်ဆေးကြားနာပွဲ၌ မြန်မာစစ်အုပ်စု၏ သမ္မတရုံးဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက် ခုခံလျှောက်လဲစဉ်။

မြန်မာစစ်တပ်နဲ့ သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာလို့သတ်မှတ်ထားသူ လက်နက်ကိုင်တွေရဲ့ နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ ရာပေါင်းများစွာဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြရပြီး၊ အုပ်စုလိုက် မုဒိမ်းကျင့်ခံရမှုတွေနဲ့ လူအစုလိုက်အပြုံလိုက်ကွပ်မျက်ခံရမှု အိပ်မက်ဆိုးတွေကို ဖြစ်စဉ်တွေအဖြစ်ပြောပြခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှာ ဒီနေ့အထိ ရိုဟင်ဂျာ ၁ သန်းကျော် ခိုလှုံနေရတုန်းပါ။


‘စုပေါင်းအသိစိတ်’

ပြီးခဲ့တဲ့ ဇန်နဝါရီလ ကြားနာစစ်ဆေးမှုတုန်းက ဂမ်ဘီယာ တရားရေးဝန်ကြီး ဒါဝဒါ ဂျာလို က ရိုဟင်ဂျာတွေဟာ "စိတ်ကူးကြည့်လို့ရနိုင်သမျှ အဆိုးရွားဆုံးအကြမ်းဖက်မှုနဲ့ ဖျက်ဆီးမှုတွေကို ခံခဲ့ရတာ" လို့ တရားရုံးကို ထွက်ဆိုခဲ့ပါတယ်။


"ဒါဟာ နိုင်ငံတကာဥပဒေရဲ့ သဘောတရားရေးရာ ကိစ္စတစ်ခုတည်း မဟုတ်ပါဘူး။ အသက်ရှင်နေတဲ့ လူတွေ၊ ဖြစ်ရပ်မှန်တွေနဲ့ ဒုက္ခရောက်နေတဲ့ လူသားအစုအဖွဲ့တစ်ဖွဲ့အကြောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ အမြစ်ပြတ် ဖျက်ဆီးခံရဖို့ ပစ်မှတ်ထားခံခဲ့ရတာပါ" လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

ဂမ်ဘီယာဟာ ဒီအမှုကို ကုလသမဂ္ဂ မျိုးတုံးသတ်ဖြတ်မှုသဘောတူညီချက်အောက်ကနေ ICJကိုယူဆောင်တင်သွင်းလာခဲ့တာပါ။ အဲဒီသဘောတူညီချက်အရ ဘယ်နိုင်ငံမဆို မျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့သံသယရှိရင် သတိပေးတိုင်ကြားပိုင်ခွင့်ရှိပါတယ်။ သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရမှုတွေဟာ "ကျတော်တို့ စုပေါင်းအသိစိတ်ပေါ်က အစွန်းအထင်းတစ်ခုဖြစ်ပြီး ဒါကို ငါတို့နဲ့ မဆိုင်သလို လျစ်လျူရှုထားတာဟာတာဝန်မဲ့ရာရောက်ပါလိမ့်မယ်" လို့ ဂျာလိုက ပြောသွားခဲ့ပါတယ်။


မြန်မာဘက်ကတော့ကြားနာမှုမှာ အဲဒီစွပ်စွဲချက်တွေဟာ "အထောက်အထားမရှိဘူး"လို့တုံ့ပြန်ခဲ့ပါတယ်။ သမ္မတရုံးဝန်ကြီး ကိုကိုလှိုင် က "ခံစားချက်ပါတဲ့ စကားလုံးတွေနဲ့ ဝေဝေဝါးဝါး အချက်အလက်တွေဟာတိကျတဲ့အချက်အလက် တင်ပြမှုနေရာမှာအစားထိုးလို့မရပါဘူး" လို့ ပြောခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးတွင် ပြုလုပ်သည့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နှစ်ပတ်ကြာစစ်ဆေးကြားနာပွဲ၌ မြန်မာစစ်အုပ်စု၏ သမ္မတရုံးဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက် ခုခံလျှောက်လဲစဉ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးတွင် ပြုလုပ်သည့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နှစ်ပတ်ကြာစစ်ဆေးကြားနာပွဲ၌ မြန်မာစစ်အုပ်စု၏ သမ္မတရုံးဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက် ခုခံလျှောက်လဲစဉ်။

အကြိုကြားနာမှုဖြစ်တဲ့ ၂၀၁၉ တုန်းကတော့ အဓိက အရပ်သားခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သည်ဟိဂ်မြို့က ငြိမ်းချမ်းရေး နန်းတော်မှာရှိတဲ့တရားရုံးကိုသွားရောက်လျှောက်လဲခဲ့ပါသေးတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဒီအမှုဟာ ရိုဟင်ဂျာတွေကိုထွက်ပြေးစေခဲ့တဲ့အကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်ကြောင်းနဲ့ နှိမ်နင်းမှုရဲ့ နောက်ကွယ်မှာ "မျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်" မရှိကြောင်းထုချေခဲ့ပါတယ်။


ဒါပေမဲ့ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု အမိန့်ချမှတ်မယ့်ပွဲကို တက်ရောက်နိုင်မှာမဟုတ်ပါဘူး။ ၂၀၂၁ စစ်အာဏာသိမ်းမှုမှာ ရာထူးကနေအဓမ္မဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်း နေပြည်တော်မှာအိမ်အကျယ်ချုပ် ကျခံနေရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။


ICJ ဟာ ဒီအမှုနဲ့ပတ်သက်ပြီး ၂၀၂၀ တုန်းက ယာယီအမိန့်တစ်ခုချမှတ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံအနေနဲ့ မျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်မှာပါရှိတဲ့ "အစုအဖွဲ့ဝင်တွေကို သတ်ဖြတ်ခြင်း" နဲ့ "အစုအဖွဲ့တစ်ခုလုံး သို့မဟုတ် တစိတ်တပိုင်း ရုပ်ပိုင်းဆိုင်ရာ ပျက်စီးသွားစေဖို့ ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးခြင်း" စတဲ့ လုပ်ရပ်တွေ မဖြစ်အောင် "မိမိတန်ခိုးအာဏာရှိသမျှ ဆောင်ရွက်ရမယ်" လို့ အမိန့်ပေးခဲ့တာပါ။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအားစွဲဆိုထားသည့် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အထင်ကရအမှုကို ICJ တရားရုံး၌ နှစ်ပတ်ကြာစတင်ကြားနာနေသည့် တရားခွင်ရှုထောင့်။ (နယ်သာလန်၊ သည်ဟိဂ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်)
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအားစွဲဆိုထားသည့် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အထင်ကရအမှုကို ICJ တရားရုံး၌ နှစ်ပတ်ကြာစတင်ကြားနာနေသည့် တရားခွင်ရှုထောင့်။ (နယ်သာလန်၊ သည်ဟိဂ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်)

ဒါ့အပြင် ဒီအမှုကိုစီရင်ပိုင်ခွင့်မရှိဘူးဆိုပြီး မြန်မာဘက်ကကန့်ကွက်ခဲ့တာကိုလည်း ICJ တရားသူကြီးတွေကပယ်ချခဲ့ပြီး မျိုးတုံးသတ်ဖြတ်မှု ကိစ္စကိုဆုံးဖြတ်ဖို့ တရားရုံးမှာအာဏာရှိတယ်လို့ စီရင်ခဲ့ပါတယ်။


ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကိုစုံစမ်းနေတာ ICJ တစ်ခုတည်း မဟုတ်ပါဘူး။ ၂၀၂၄ မှာ သည်ဟိဂ်မှာပဲအခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ ရှေ့နေချုပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ တရားသူကြီးတွေကို တောင်းဆိုခဲ့ပါတယ်။


ဒါ့အပြင် အာဂျင်တီးနားနိုင်ငံမှာလည်း "ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်" ဆိုတဲ့ မူအတိုင်းအမှုဖွင့်ထားတာရှိပါတယ်။ အဲဒီမူကတော့ အင်မတန်ဆိုးရွားလွန်းတဲ့ပြစ်မှုတွေကို ဘယ်နိုင်ငံရဲ့တရားရုံးမှာမဆို စစ်ဆေးကြားနာပိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောတရားဖြစ်ပါတယ်။

ခရက်ဒစ် - The Daily Star

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page