တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းဦးဆောင်မှုတစ်ခုဖြစ်ဖို့ NUG+K3Cဆွေးနွေးမှုတွေရှိနေ
- BVJ

- Feb 10
- 1 min read
မိုနာ/BVJ_ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆

တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းဦးဆောင်မှုတစ်ခုဖြစ်ဖို့အတွက် NUG + K3C(NUG ၊ KNU ၊ KNPP ၊ CNF နဲ့ KIO)တို့အကြား ဆွေးနွေးနေတာတွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး၊ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
တော်လှန်ရေးအောင်မြင်ဖို့အတွက် NUG ၊ KNU ၊ KNPP ၊ CNF နဲ့ KIO တို့အကြား ပြီးခဲ့တဲ့ ၂၊၃ရက်က အွန်လိုင်းမီတင်ကနေဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့အကြောင်းကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ အခုလ ဖေဖော်ဝါရီ ၈ ရက်ကပြုလုပ်ခဲ့တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားမှာ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်(KIO/KIA) ရဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ထုတ်ပြောပြီးနောက်မှာ ဦးနေဘုန်းလတ်ကလည်း အခုလိုပြောလာတာပါ။
“ပြည်သူလူထုရဲ့ လိုလားချက်လည်းဖြစ်၊ တော်လှန်ရေးရဲ့လိုအပ်ချက်တစ်ခုလည်းဖြစ်တဲ့ တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းပြီးတော့ဦးဆောင်နိုင်မယ့် အခင်းအကျင်းတခု၊ အခြေအနေတခုကိုပေါ်ပေါက်ဖို့အတွက် ကျနော်တို့တတွေတောက်လျှောက်ကြိုးစားနေတာပဲဖြစ်ပါတယ်။ NUG + K3C ပေါ့နော်။ KIOရယ်၊KNUရယ်၊KNPPရယ်၊CNFရယ် ဒီဟာကကျနော်တို့တွေ တောက်လျှောက်လည်း ရှေ့မှာပူးပေါင်းဆောင်ရွက်မှုတွေလည်း အများကြီးရှိခဲ့တယ်။ တူညီတဲ့ သဘောတူညီချက်တွေလည်း ကျနော်တို့ထုတ်ပြန်ခဲ့တာလည်းရှိခဲ့တယ်။ အခုလည်းအဲဒါတွေအပြင် စုပေါင်းဦးဆောင်မှု တခုဖြစ်ဖို့အတွက် ကျနော်တို့တွေဆွေးနွေးနေတာရှိပါတယ်”လို့ NUGပြန်ကြားရေးPVTVမှာ ဦးနေဘုန်းလတ်က ဒီမနက်ပြောထားတာပါ။
ဒါ့အပြင် လက်ရှိမှာဆွေးနွေးနေဆဲအခြေအနေဖြစ်တာကြောင့် အခြေအနေတခုရောက်ရင် ပြည်သူလူထုကို အသေးစိတ်ထုတ်ပြန်အသိပေးသွားမယ်လို့လည်း ဆိုပါတယ်။

K3Cလို့နာမည်ပေးထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ဟာ NUGအစိုးရနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ (၃၁) ရက်မှာ ဘုံသဘောထားရပ်တည်ချက်ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲမှာအဓိကရည်မှန်းချက်အနေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့ပါဝင်ပါတယ်။




Comments